မန္တလေး အထင်ကရနေရာမှာ အရက်ဝိုင်းဖွဲ့သူတွေကို အရေးယူ

မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ ကျုံးပတ်လည်နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ဝိုင်းဖွဲ့အရက်သောက်နေသူတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၇ ရက်နေ့ကစပြီး အထူးစီမံချက်နဲ့ အမှုဖွင့်အရေးယူရာမှာ သုံးရက်အတွင်း ၁၈၇ မှု ရှိခဲ့တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

မန္တလေးကျုံးမြို့ရိုးကိုတွေ့ရစဉ်။

မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ ကျုံးပတ်လည်နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ဝိုင်းဖွဲ့ အရက်သောက်နေသူတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၇ ရက်နေ့ကစပြီး အထူးစီမံချက်နဲ့ အမှုဖွင့်အရေးယူရာမှာ သုံးရက်အတွင်း ၁၈၇ မှု ရှိခဲ့တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

မန္တလေးမြို့တော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းတွေမဖြစ်အောင်  ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို အရေးယူဆောင်ရွက်တာဖြစ်တယ် ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

"မန္တလေးကျုံးကြီးက မန္တလေးမြို့ရဲ့ ပြယုဂ်ဖြစ်တယ်၊ ကျုံးဘေးပတ်လည်သည် ဘာပြောပြော အများပြည်သူအပန်းဖြေဖို့အတွက် အလှအပတွေ အားကစားပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်တယ်၊ အဲ့လိုနေရာတွေမှာ အရက်ဝိုင်းတွေ ကျုံးဘေးမှာ အနားယူအပန်းဖြေ လမ်းလျှောက်တဲ့လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေ ၊စိတ်ငြိုငြင်စေတယ်၊ ပြောရရင် မန္တလေးမြို့တော်ကို အကျည်းတန် အရုပ်ဆိုးစေတဲ့ ဒီအရက်ဝိုင်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး  ကြိုတင်ကာကွယ် တဲ့အနေနဲ့ မန္တလေးမြို့ရဲ့ ပြယုဂ်ကိုလည်း မပျက်စီးအောင် ဖမ်းဆီးအရေးယူတာဖြစ်တယ်"

ကျုံးပတ်လည်နဲ့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းပတ်မှာ ဝိုင်းဖွဲ့အရက်သောက်နေသူတွေကို အများပြည်သူ အပန်းဖြေတဲ့နေရာတွေမှာ အများပြည်သူ စိတ်အနှောင့်အယှက် အဟန့်အတားဖြစ်အောင် ဆောင်ရွက်ရင် အရေးယူနိုင်တဲ့ ရဲအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ ၇၂ မှု၊ ၈ ရက်နေ့မှာ ၅၅မှု၊ ၉ ရက်နေ့ အမှုပေါင်း ၆၀ ရှိခဲ့တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့ ရုံးကနေ သိရပါတယ်။

ရဲအက်ဥပဒေအရ အရေးယူခံရလို့ရှိရင် ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ကျပ် ၅၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၇ ရက် ကျခံရမှာဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေမှာ ဝိုင်းဖွဲ့အရက်သောက်နေတာတွေ ပျောက်ကွယ်သွားတဲ့အထိ စီမံချက်နဲ့ အဆက်မပြတ် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီးမျိုးအောင် ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org