မန္တလေးမှာ အရက်ဝိုင်းဖွဲ့သောက်သူ ၁၈၂ ဦးကို အရေးယူ


2017.10.14
mdy-palace-622.jpeg မန္တလေးကျုံးမြို့ရိုးကိုတွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့က အထင်ကရနေရာတွေဖြစ်တဲ့ ကျုံးပတ်လည်နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ညဘက် ဝိုင်းဖွဲ့အရက်သောက်နေသူတွေကို  အထူးစီမံချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ စပြီးအမှုဖွင့် အရေးယူခဲ့ရာမှာ လူဦးရေ ၁၈၂ ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အသီးသီး ချမှတ်ခဲ့တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

အများပြည်သူ အပန်းဖြေတဲ့နေရာတွေမှာ အများပြည်သူ စိတ်အနှောင့်အယှက် အဟန့်အတားဖြစ်အောင် ဆောင်ရွက်ရင် အရေးယူနိုင်တဲ့ ရဲအက်ဥပဒေနဲ့  အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အရေးယူ ခဲ့ရာမှာ စုစုပေါင်း  ၂၆၀ မှု ရှိခဲ့တယ်လို့ ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

"အားလုံးစုစုပေါင်း နောက်ဆုံးအခြေအနေက ၇ ရက်ကနေ မနေ့ညထိ ၂၆၀ ပေါ့၊ လူကလည်း ၂၆၀ အမှုကလည်း ၂၆၀ ၊ ထောင် ၇ ရက်ကျတာလည်းရှိတယ်၊ ပထမဆုံး စွဲတင်တာတွေက ဒဏ်ငွေ ၅၀ ဒဏ်ရိုက်တာတွေလည်းရှိတယ်"

အမှုပေါင်း ၂၆၀ ထဲက ၁၁၃ ယောက်ကို ငွေဒဏ် ကျပ် ၅၀ စီချမှတ်ခဲ့ပြီး ၆၉ ယောက်ကို ထောင်ဒဏ် ၇ ရက်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့တော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းတွေမဖြစ်အောင်  ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေးယူဆောင်ရွက်တာဖြစ်ပြီး မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေမှာ ဝိုင်းဖွဲ့အရက်သောက်နေတာတွေ ပျောက်ကွယ်သွားတဲ့အထိ စီမံချက်နဲ့ အဆက်မပြတ် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။