မန္တလေး ဆေးကျောင်းသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင် အသက် (၂၁) နှစ်ဟာ မနေ့က မေလ ၂၀ ရက်နေ့မှာ မိသားစုတွေနဲ့ မန္တလေးကနေ မုံရွာသွားတဲ့ခရီးလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့တယ်လို့ ဆေးပညာမိသားစုအသိုင်းဝိုင်းက ပြောပါတယ်။

မန္တလေး ဆေးတက္ကသိုလ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့က တွေ့ရစဉ်

မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင် အသက် (၂၁) နှစ်ဟာ မနေ့က မေလ ၂၀ ရက်နေ့မှာ မိသားစုတွေနဲ့ မန္တလေးကနေ မုံရွာသွားတဲ့ခရီးလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့တယ်လို့ ဆေးပညာ မိသားစုအသိုင်းဝိုင်းက ပြောပါတယ်။

မုံရွာကနေ မန္တလေးအပြန် မြင်းမူအကျော်မှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

"သူတို့စီးလာတဲ့ အိမ်စီးကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ခိုင်းချိန်မှာ ချက်ချင်း မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ၊ ကိုကျော်ညီဇင် ခေါင်းကို မှန်သွားတယ်။ ကားကအရှိန်နဲ့ မို့ ချက်ချင်းမရပ်နိင်တာကို မစောင့်ဘဲ ပစ်လိုက်တာပေါ့၊ သူက မုံရွာဆေးရုံကြီး ရောက်တော့ ဆုံးသွားပြီ၊ အလောင်းကိုတော့ မန္တလေး ပြန်သယ်လာပါတယ်"

မိသားစုဝင်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

သေဆုံးသူ ကိုကျော်ညီဇင်ဟာ စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ကျောင်းမတက် အာဏာဖီဆန်ရေး လှုပ်ရှားနေတဲ့ ကျောင်းသားလည်း ဖြစ်ပါတယ်။

ကိုကျော်ညီဇင်ရဲ့အလောင်းကို အေးရိပ်ငြိမ်သုသာန်မှာ ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ တစ်နှစ်ကျော်အတွင်း မေလ ၂၀ ရက်အထိ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၈၅၁ ယောက်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အခုလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org