မီဒီယာနဲ့ ပုံနှိပ်ဥပဒေ သမ္မတ အတည်ပြု
သတင်းမီဒီယာ ဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ၂ ရပ်ကို သမ္မတဦးသိန်းစိန်က မတ်လ ၁၉ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၄ ရက်နေ့မှာပြဌာန်းခဲ့တာပါ။
-
2014-03-19 -
-
-
သတင်းမီဒီယာ ဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ၂ ရပ်ကို သမ္မတဦးသိန်းစိန် က မတ်လ ၁၉ ရက် နေ့စွဲနဲ့လက်မှတ်ရေးထိုး အတည်ပြုလိုက် ပါတယ်။ ဒီဥပဒေတွေ ကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၁၄ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။
သတင်းမီဒီယာဥပဒေရဲ့ပုဒ်မ ၉ မှာ သတင်း မီဒီယာသမားတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်တွေ ပြဌာန်းထားပြီး အဲဒီဥပဒေကို ချိုးဖေါက်ရင် ဒဏ်ငွေချမှတ်မယ်လို့ ပါရှိပါတယ်။
ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားတဲ့အချက်တွေကတော့ တိကျမှန်ကန်မှုမရှိတဲ့ သတင်းကို ဖေါ်ပြမိခဲ့ရင်၊ ပြင်ဆင်ချက်ကို ထင်ထင်ရှားရှား ပြန်လည်ဖေါ်ပြ ရမှာဖြစ်ပြီး၊ ဒီပုဒ်မချိုးဖေါက်မှုအတွက် ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ကျပ် ၁ သိန်းကနေ ၃ သိန်းထိချမှတ်မယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် သတင်းဓါတ်ပုံနဲ့ ရုပ်သံတွေကို ပြင်ဆင်ပြုပြင်ပြီး မမှန်မကန်ဖေါ်ပြတာ၊ တပါးသူရဲ့ ဉာဏဆိုင်ရာပစ္စည်းကို ခွင့်ပြုချက်မရဘဲ ကူးယူဖေါ်ပြတာ၊ ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ထိခိုက်အောင် ရေးသားဖေါ်ပြတာတွေကို ရှောင်ကျဉ်ဖို့နဲ့ ကျူးလွန်ရင် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ၃ သိန်းကနေ ၁ဝ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေထဲမှာတော့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေကို ရုပ်သိမ်းလိုက်ပြီး၊ ပုံနှိပ်ထုတ်ဝေသူတွေအနေနဲ့ သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ်ထုတ်ဝေရင် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ သိန်း ၂ဝ ကနေ သိန်း ၅ဝ အထိ ချမှတ်မယ်လို့ ပါရှိပါတယ်။