ရွှေ့ပြောင်း အလုပ်သမားဥပဒေ ထိုင်းပြင်ဆင်မည်
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ထိုင်း အလုပ်သမားဝန်ကြီး တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားမဝင် အလုပ်သမားဖြစ်မသွားရအောင် ဥပဒေပြင်ဆင် သတ်မှတ်ကြဖို့ စီစဉ်ထားကြောင်း ဘန်ကောက်ပို့စ် သတင်း က ဖေါ်ပြပါတယ်။
-
2016-06-20 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း အလုပ်သမားဝန်ကြီးတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားမဝင် အလုပ်သမားဖြစ်မသွားရအောင် ဥပဒေပြင်ဆင်သတ်မှတ်ကြဖို့ စီစဉ်ထားကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
ထိုင်းအစိုးရရဲ့ မူလသတ်မှတ်ချက်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့် ၄ နှစ်ပေးထားပြီး၊ ၄ နှစ်ပြည့် တဲ့အခါ မြန်မာနိုင်ငံကို ပြန်ရပါမယ်။ မြန်မာနိုင်ငံမှာ ၃ နှစ် နေပြီး မှ ထိုင်းနိုင်ငံကို တရားဝင် ထပ်မံလာရောက် အလုပ်လုပ်ခွင့်ပြုမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဥပဒေအရ ကိုယ်နိုင်ငံကို ၃ နှစ်ပြန်နေရမယ့်အချိန်ကာလက ကြာလွန်းတဲ့အတွက်၊ မြန်မာ အလုပ်သမားတွေအများစုဟာ ၄ နှစ်အလုပ်လုပ်ပြီးတဲ့ အခါ နိုင်ငံကို မပြန်တော့ဘဲ၊ ထိုင်းမှာပဲ တရားမဝင် အလုပ်သမားတွေ ဖြစ်သွားကြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို ၃ နှစ်ပြန်နေရမယ် ဆိုတဲ့ ပြဌာန်းချက်အစား၊ ရက် ၃ဝ ပြန်နေရမယ်လို့ ပြင်ဆင်ဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဆရီချိုင်း က ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်တဲ့အခါ သဘောတူ လက်မှတ်ရေးထိုးမယ်လို့ ဘန်ကောက်ပို့စ် က ဖေါ်ပြပါတယ်။
ဒီအတွင်း မြန်မာနဲ့ ထိုင်းနယ်စပ်တလျောက်၊ ထိုင်းဘက်ခြမ်းမှာရှိနေတဲ့ ဒုက္ခသည်စခန်း ၉ ခု က ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ မကြာခင်ကာလအတွင်း အသင့်ဖြစ်ပါတော့မယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တစ်ခုက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။
တပ်ခရိုင်၊ ဖုတ်ဖရ စီရင်စုအတွင်းက လူဦးရေ နှစ်သောင်းဝန်းကျင်ရှိတဲ့ အုန်းဖျံဒုက္ခသည်စခန်းမှာ ကမ္ဘာ့ဒုက္ခသည်များနေ့ ကျင်းပခဲ့စဉ်အတွင်း၊ မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေကို ရှင်းပြခဲ့တယ် လို့ဆိုပါတယ်။ အဲ့ဒီမတိုင်ခင် အစောပိုင်းကလည်း UNHCR က အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံ ဘားအံမြို့ကို သွားရောက်ပြီး၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ အဲဒီ သတင်းရင်းမြစ်ကို ကိုးကားပြီး နေးရှင်းသတင်း က ဆိုပါတယ်။
ဒါပေမဲ့ TBC ခေါ် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီကတော့ ဒုက္ခသည်တွေ ပြန်ပို့ရေး ကိစ္စမဖြစ်နိုင်သေးဘူးလို့ပြောဆိုကြောင်း၊ NLD အစိုးရသစ်အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စ အတွက် မူဝါဒချမှတ်ထားတာ မရှိသေးဘူးလို့နားလည်ထားကြောင်း ပြောဆိုတယ်လို့လည်း The Nation သတင်းက ဖေါ်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မြန်မာအလုပ်သမားတွေက ပြင်ဆင်နေကြတာတွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။