ဒုက္ခသည်တွေ ခိုလှုံနေတဲ့ DKBA တပ်စခန်းနားကို စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဖလူးလေးဒေသမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၄ ရက် မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီဒေသမှာရောက်နေသူ တစ် ယောက်က RFA ကိုပြောပါတယ်။
"မနေ့က အခြေအနေက ပထမပိုင်းက လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်ပြီးတော့ မကြာဘူး။ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တယ်။ တောက်လျောက် လက်နက်ကြီးနဲ့ ပစ်ပြီးတော့ သာလွန်အင်အားနဲ့ ဝင်စီးတယ်။ ဒီလောက်ပါပဲ။ မနေ့က မနက် ၉ နာရီခွဲလောက်ကတည်းက စဖြစ်တာပေါ့။ စစ်ဘေးရှောင်တွေက ပထမရက် (ဇန်နဝါရီ ၁၃ ရက်) ကတည်းက ဟိုဘက်ကမ်းကို ရွှေ့ပေးထားတယ်ဗျ။ မနေ့က ပစ်တဲ့အချိန် မှာတော့ မရှိပါဘူးဗျ"
ဗိုလ်မှူး စောစလုံး ဦးဆောင်တဲ့ DKBA တပ်စခန်း အနီးတဝိုက် အဓိကထား တိုက်ခိုက်ခံနေရတာလို့ ဆိုပါတယ်။ အဲဒီတပ်စခန်းနားတစ်ဝိုက်ဟာ လေးကေ့ကော်ဘက်က ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ တိမ်းရှောင် နေကြတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ တိုက်ပွဲပြင်းထန်လာတာကြောင့် တခြားတစ်နေရာကို စစ်ဘေးဒုက္ခသည်တွေကို ထပ်မံပြောင်းရွေ့ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလူး ဒေသခံတစ်ဦးကလည်း ပြီးခဲ့တဲ့ရက်တွေကစလို့ ညတိုင်း ပစ်ခတ်သံ တွေ ကြားနေရတာကြောင့် ကောင်းကောင်းအိပ်မပျော်ဘဲ၊ ထွက်ပြေးရမယ့်အချိန် ရောက်လာရင် ထွက်ပြေးလို့ ရအောင် တစ်ပိုင်တစ်နိုင် ထုပ်ပိုးပြီး စိုးရိမ်တကြီး အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ပစ်ခတ်သံတချို့ ကြားနေရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ DKBA ဘက်ကနေ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေလည်း ဝိုင်းတိုက်နေပါတယ်။ နှစ်ရက် နဲ့ နှစ်ညကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် လတ်တလော ဖုန်းလိုင်း ဆက်သွယ်လို့ မရသေးပါဘူး။
"ကျွန်တော်တို့က ဒီထက်ပိုပြီး ကောင်းလာဖို့ မရှိသေးပါဘူး။ လောလောလတ်လတ်ကတော့ အခြေအနေတွေ ဒီထက်ပိုဆိုးဖို့ပဲ ရှိပါတယ်"
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲအခြေအနေတွေ ပိုပြင်းထန်လာနိုင်တယ်လို့ KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
"ကျွန်တော်တို့ မျှော်မှန်းထားတာက တိုက်တာတွေ၊ ခိုက်တာတွေရဲ့ နောက်ဆက်တွဲတွေ ရှိလာနိုင်တာ ပဲလေ။ ကျွန်တော်တို့ ကြိုသိထားပါတယ်။ ဒါပေမဲ့ ဒီအခြေအနေက သိတဲ့အတိုင်းပဲလေ။ ရွာသားတွေ ဘာတွေ သူက မခွဲခြားတော့ဘူး။ လူထုမှန်သမျှ သူ့ရဲ့ရန်သူလို့ သဘောထားပြီး လိုက်ပစ်နေကြတော့။ သိတဲ့အတိုင်း ဟိုတစ်နေ့က ကော့ကရိတ်မှာ လက်နက်ကြီးကျတာတော့၊ ရွာတွေကို လက်နက်ကြီး ကျတာတို့၊ ရွာသားသေတာတွေလည်း ရှိတယ်။ အဲဒီလိုဖြစ်လာတော့ ကျွန်တော်တို့က ဒီထက်ပိုပြီး ကောင်းလာဖို့ မရှိသေးပါဘူး။ လောလောလတ်လတ်ကတော့ အခြေအနေတွေ ဒီထက်ပို ဆိုးဖို့ပဲ ရှိပါတယ်"
ဒီဇင်ဘာ ၂၃ ရက်နေ့ လေးကေ့ကော်တိုက်ပွဲကစလို့ စစ်ကောင်စီဘက်က KNU ထိန်းချုပ်နယ်မြေထဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး လက်ရှိ ဇန်နဝါရီလလယ်ပိုင်းအထိ နေ့တိုင်းလိုလို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ် ပြန်နိုင်ကြောင်း စစ်ကောင်စီနဲ့ BGF တပ်တွေက နယ်စပ်တစ်လျှောက် လိုက်လံ ကြေညာနေတာမျိုးရှိပေမယ့် လက်တွေ့မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက် ရှာဖွေဖမ်းဆီးရာကစလို့ KNU ထိန်းချုပ်နယ်မြေထဲမှာ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အပါအဝင် ဒေသတွင်း ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တိုကြား တိုက်ပွဲတွေနေ့တိုင်း ပြန်ပြင်းထန်လာတာ ဒီနေ့ဆို တစ်လတိတိရှိပါပြီ။
ဒေသတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံအရေအတွက်ဟာ အနည်းဆုံး နှစ်သောင်းကျော် ရှိလာနေပြီး ထိုင်း - မြန်မာ နယ်စပ် တစ်ဝိုက်နဲ့ ထိုင်းနိုင်ငံဘက်က စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။