ကယား လေကြောင်းတိုက်ခိုက်မှု ဒုက္ခသည် နှစ်သောင်းကျော် ထပ်မံထွက်ပြေးရ

2022.01.18
ကယား လေကြောင်းတိုက်ခိုက်မှု ဒုက္ခသည် နှစ်သောင်းကျော် ထပ်မံထွက်ပြေးရ ဖရူဆို (ရီခီးဘူး) ဒုက္ခသည်စခန်းကို စစ်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အပြင်မှာမနေရဲဘဲ လှိုင်ဂူထဲပြောင်းနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: News Light in Karenni

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က စစ်ပြေးဒုက္ခသည် စခန်းနှစ်ခုနားမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်လို့ အရပ်သား ခြောက် ယောက် သေဆုံးခဲ့ရပါတယ်။ ဒုက္ခသည် နှစ်သောင်းကျော်ဟာလည်း စခန်းတွေကို စွန့်ခွာထွက်ပြေးကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်တစ်နာရီလောက်မှာ ဖရူဆိုမြို့နယ်က ရီခီးဘူး စစ်ရှောင်စခန်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညပိုင်းမှာ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ လူနေအိမ်တွေရှိရာဘက်ကို စစ်တပ်က လေကြောင်း ကနေ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဒါကြောင့် ဗုံးဆန်ကျရောက်ခဲ့တဲ့ ရီခီးဘူးစစ်ရှောင်စခန်းက လူ ၂၀၀ လောက်နဲ့ နန်းမယ်ခုံမြို့က စစ်ဘေးဒုက္ခသည် နှစ်သောင်းလောက်ဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

"ဒီနေရာမှာ ဆက်လက်ပြီးတော့ နေလို့မရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်”

လေယာဉ်တွေနဲ့ ထပ်ပြီးပစ်မှာကို စိုးရိမ်လို့ ထွက်ပြေးရတဲ့အကြောင်း ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ခိုလှုံနေတဲ့ ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“တောင်လျှိုတောင်ကြား တောင်နဲ့နီးတဲ့နေရာမှာပဲ ထွက်ပြေးဖို့ပဲ စီစဉ်ထားတယ်။ လွတ်ရာလွတ်ကြောင်းပဲ ကျွန်မတို့ အတိအကျ မသိရဘူးပေါ့နော်။ ကံတရားနဲ့ပဲ လွတ်မယ်ဆိုလည်း လွတ်မှာပေါ့ မလွတ်ဘူးဆိုလည်း မလွတ်ဘူး၊ အဲဒါလောက်ပဲ အကုန်လုံး ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့အားလုံးလည်း အသက်ကိုးဆယ်၊ တစ်ရာ အဖိုးကြီး၊ အဖွားကြီးလည်း ကျွန်မနဲ့ လိုက်ပါလာတာရှိတယ်။ ကျွန်မကို အားကိုးတကြီးနဲ့ ခိုတဲ့ အဖိုး၊ အဖွားတွေရှိတော့ ကျွန်မအတွက် အများကြီး အခက်အခဲရှိတယ်”

ရီခီးဘူးရွာ ဒုက္ခသည်စခန်းက လူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က အရပ်သား တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မိုဆို ရွာသားတွေ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သူတစ်ယောက်ကလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး ဒုက္ခသည်တွေဟာ ကစဉ့်ကလျား ထွက်ပြေးနေကြရတာလို့ ပြောပါတယ်။

"အကုန်လုံး လန့်ကုန်တယ်။ ညသူတို့အိမ်တွေမှာ မအိပ်ရဲတော့ဘူး။ တောတောင်မှာပဲ လိုက်ခိုနေကြတဲ့ အခြေအနေမျိုးပေါ့နော်။ ဘယ်သူမှ မရှိတော့ဘူးပေါ့နော်။ ရီခီးဘူး တစ်ရွာလုံး ရွာခံတွေကလည်း အကုန်ပြေးတယ်"

စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ရီခီးဘူးရွာဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မိုဆိုရွာက အသက် ၁၂ အရွယ် မခိုင် (ခ) ကယ်ရိုလိုင်း၊ အသက် ၁၅ နှစ်အရွယ် မချောစု (ခ) မာရီယာနဲ့ အသက် ၅၂ အရွယ် ဦးအန်ဒြေးယားနို့ တို့သေဆုံးခဲ့ရသလို ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာမှာလည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အသက် ၃၀ အရွယ် ပရဟိတဆေးဝန်ထမ်း တစ်ယောက် အပါအဝင် စုစုပေါင်း သုံးယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလုပ်ရပ်ဟာ ဂျနီဗာကွန်ဗန်းရှင်းမှာပါတဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အရပ်သားတွေကို ထိခိုက်မှု၊ နစ်နာမှုမဖြစ်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒီဒေသတွေမှာ လေကြောင်းနဲ့ တိုက်ခိုက်ရတဲ့ အခြေအနေမျိုးလည်း မရှိဘူး။ လက်နက် နဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ ကြီးကြီးမားမားလည်း မဖြစ်ဘူး။ အဲဒါမျိုးကိုမှ လေကြောင်း သုံးပြီး တိုက်ခိုက်မှုကတော့ တော်တော်ကြီးကို ဆိုးရွားသွားပါပြီ။ နောက်တစ်ခုကတော့ ဒါမျိုးတိုက်ခိုက်မယ်ဆိုရင်တောင်မှ အရပ်သားတွေကို မထိခိုက်ဖို့အတွက် ကြိုတင်ပြီး တော့ ရှောင်ရှားခိုင်းတာ၊ ကြိုတင်ပြီးတော့ ဒါကိုတိမ်းရှောင်ခိုင်းတဲ့ ကြေညာချက်က မဖြစ်မနေ ထုတ်ရပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး မဖြစ်တဲ့အတွက်ကြောင့် ဒါမျိုးလုပ် ဆောင်ခြင်းကတော့ ဂျနီဗာကွန်ဗန်းရှင်းမှာပါတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားတွေအပေါ် ထိခိုက်မှုနစ်နာမှုမဖြစ်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်အားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတော့ စော်ကားလိုက်ခြင်း ပဲဖြစ်ပါတယ်”

စစ်ကောင်စီဘက်ကတော့ နန်းမယ်ခုံမြို့အတွင်း စုဝေးနေတဲ့ PDF အဖွဲ့တွေက လွိုင်ကော် မြို့ဘက်ကို လာရောက်တိုက်ခိုက်ဖို့အတွက် ယာဉ်တွေနဲ့ ထွက်ခွာလာတယ်လို့ သတင်းရ တဲ့အတွက် လေကြောင်းပစ်ကူ အသုံးပြုခဲ့တယ်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

ဒါပေမဲ့ အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ မထားသလို ရီခီးဘူး ဒုက္ခသည်စခန်းကို လေကြောင်းနဲ့ တိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက် လို့လည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

စစ်ကောင်စီ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လေယာဉ်ပေါ်ကနေ ဗုံးကြဲတဲ့အဆင့် မဟုတ်ဘဲ ပစ်ခတ်တိုက်ခိုက်မှုကိုသာ လုပ်ဆောင်ခဲ့တာလို့ ပြောဆိုပါ တယ်။

“အဆောက်အအုံတွေ ပြည်သူလူထုအကာကွယ်ယူပြီး လွိုင်ကော်မြို့ထဲကို ဝင်ရောက်လာ တာဖြစ်တယ်။ အဲဒီလို ဝင်ရောက်လာတဲ့အခါမှာလည်း လွိုင်ကော်မြို့ပြင်မှာ လူစု တာပေါ့၊ လူစုပြီး နှစ်နေရာသုံးနေရာကနေ ဝင်ပြီးတော့ တိုက်ခိုက်တဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒါကြောင့်မိုလို့ တပ်မတော်အနေနဲ့ လိုအပ်တဲ့ လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုခဲ့တာရှိပါတယ်။ လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုတဲ့အခါမှာတော့ ဗုံးကြဲတဲ့အဆင့်တော့ မဟုတ်ဘူး။ လိုအပ်တဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းမျိုးတွေ ဒုံးနဲ့ပစ်ခတ်ခြင်းမျိုးတွေတော့ ရှိပါတယ်”

(ဇန်နဝါရီ ၁၇ ရက်နေ့မှာ ရီခီးဘူးဒုက္ခသည်စခန်းကို စစ်လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် သေဆုံးသွားတဲ့ စစ်ဘေးဒုက္ခသည် သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရစဥ်) Photo: CJ
(ဇန်နဝါရီ ၁၇ ရက်နေ့မှာ ရီခီးဘူးဒုက္ခသည်စခန်းကို စစ်လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် သေဆုံးသွားတဲ့ စစ်ဘေးဒုက္ခသည် သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရစဥ်) Photo: CJ

အဲဒီနေရာကစခန်းတွေကလည်း ဒုက္ခသည်စခန်းလို့ အမည်ခံထားတဲ့ PDF စခန်းတွေသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားကတော့ ဖရူဆိုမြို့နယ် အနောက်ဘက် ခြမ်းက ရီခီးဘူး စစ်ဘေးဒုက္ခသည်စခန်းကို လေကြောင်းက‌နေ တိုက်ခိုက်တာဟာ စစ်ဘေးဒုက္ခသည်တွေ ထပ်မနေနိုင်အောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။

“ဗုံးကြဲတဲ့အချိန်ကို ပြန်ကြည့်လိုက်တော့လည်း တကယ့်ကို ညတစ်နာရီ ဆယ့်ငါးလောက် မှာ ဖြစ်သွားတယ်။ အဲဒါကို ထောက်ချင့်မယ်ဆိုရင် မှားယွင်းပြီးတော့ ပစ်ခတ်တာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တစ်ခုလို့ ပြောလို့ရတယ်။ အဲဒီ အတွက်ကြောင့် ဒီဟာက crime against humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်စုအပေါ် မှာ ရည်ရွယ်ချက်ရှိရှိ သေစေတယ်။ အတိဒုက္ခရောက်စေတယ်။ ဒီနေရာမှာ ဆက်လက်ပြီး တော့ နေလို့မရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့လုပ်ရပ် တစ်ခုဖြစ်တယ်”

ဒီအတောအတွင်းမှာပဲ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျရောက်တဲ့ နှစ် ၇၀ ပြည့် ကယား ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမဲ့ ကယားပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့အတွက် စစ်တပ် က လေကြောင်းသုံး တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။