ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်

2022.01.10
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်အာဏာရှင်ကျဆုံးရေး ၂၀၂၁ မတ် ၂၉ ရက်က ဆန္ဒပြစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် သုံးစင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
 
ပုလဲမြို့နယ်အတွင်းက မင်းတိုင်ပင်နဲ့ ကန်ဒေါင့်ရွာကြားမှာရှိတဲ့ ဦးနှောက်၊ ဝါးကြီးတော၊ သရက်ကန်၊ ချောင်းနား စတဲ့ရွာတွေကို လေးဆယ်ငါးမိနစ်ခန့်ကြာ လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ပုလဲမြို့ခံ တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ပီက RFA ကို ပြောပါတယ်။
 
အဲဒီနေရာတဝိုက်ဟာ စစ်ကောင်စီယာဉ်တန်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာဖြစ်သလို ဒီနေ့မှာ အဲဒီအနီးတဝိုက် ဗိုလ်နဂါးဦးဆောင်တဲ့ PDF ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးရှိပြီး ကျေးရွာ PDF သင်တန်းဆင်းပွဲရှိတယ်ဆိုတဲ့ သတင်းပေါက်ကြားမှုအရ လေကြောင်းသုံး တိုက်ခိုက်ခံရတာလို့ သူကပြော ပါတယ်။ ကနဦးအခြေအနေအရ ထိခိုက်ဒဏ်ရာရသူရှိ မရှိ မသိရသေးပါဘူး။
 
ပုလဲမြို့ပေါ်မှာလည်း ဒီနေ့မနက်မှာ NLD ပါတီဝင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိသားစုတွေ၊ PDF ကို ကူညီသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဦးမောင်မောင်ပီက ပြောပါတယ်။
 
ဒီသတင်းနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။