ထီးချိုင့်မှာ PDF အဖွဲ့ကို စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်

2022.01.19
ထီးချိုင့်မှာ PDF အဖွဲ့ကို စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက် ၂၀၂၂ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်လေယာဥ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့အတွက် ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာက စာသင်ကျောင်း ပျက်စီးခဲ့စဥ်
Photo: HPDF - Htee Phyu
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဘက်က ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ထီးဖြူ PDF အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
 
ကျောင်းထဲမှာ တပ်စွဲထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
 
“ကာကွယ်ရေးတပ်ဖွဲ့တွေ ကျောင်းထဲမှာ တပ်စွဲထားတယ်ဆိုပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခဲ့တာ။ အဲဒီနောက် နှစ်ဖက်ထိတွေ့မှုတွေလည်းရှိကြတယ်။ ဒီရက်ပိုင်း နေ့စဉ်နီးပါးဖြစ်နေကြတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ခုနစ်ယောက် သေတယ်လို့ သိရတယ်”
 
သေဆုံးသူတွေဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုအောင်အောင်ဦး၊ ကိုနိုင်နှောင်းထက်၊ ကိုတိုးဝေ၊ ကိုစိုင်းထက်မြတ်၊ ကိုရှိုင်းထက်အောင်၊ ကိုစိုင်းအောင်၊ ကိုမျိုးမင်း တို့ဖြစ်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီကတော့ အဲဒီနေ့က မရသိမ်ကျေးရွာကနေ လက်လုပ်သေနတ်၊ စိန်ပြောင်း ဗုံးသီး၊ ဆိုင်ကယ်တွေနဲ့ ယူနီဖောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဇန်နဝါရီလ ၁၃ ရက် နေ့က ထုတ်ပြန်ထားပါတယ်။
 
ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အင်အားသုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကြက်တကောင်ကျေးရွာကို စစ်တပ်က ဝင်ရောက်လာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သင်တန်းတွေကို လက်မခံဖို့နဲ့ လက်ခံရင် ရွာမီးရှို့ခံရပြီး ရွာလုံးကျွတ် ပြောင်းရွေ့ ရမယ်ဆိုတဲ့ လက်ရေးနဲ့ ရေးသားထားတဲ့ ခြိမ်းခြောက်စာတွေကို ဖြန့်ကြဲခဲ့တာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။