ဝှေခါ ဗျူဟာကုန်းစခန်းက စစ်ကောင်စီတပ်သား ငါးဦးကို KIA ဖမ်းမိ

RFA Burmese
2024.01.24
ဝှေခါ ဗျူဟာကုန်းစခန်းက စစ်ကောင်စီတပ်သား ငါးဦးကို KIA ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါရွာအနီး ဗျူဟာကုန်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦးကို ဖမ်းမိထားတယ်လို့ KPDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဝှေခါ ဗျူဟာကုန်းစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၆ ရက်ကနေ ဇန်နဝါရီလ ၂ဝ ရက်အထိ ၁၅ ရက်ကြာ တိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်း တိုက်ပွဲတွေအတွင်းကနေ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း ငါးဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ KPDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“စခန်းမှာတော့ ကျွန်တော်တို့ အထိုင်ချတာ မရှိဘူး၊ လေကြောင်းရန်ရှိတော့။ ဒါပေမဲ့ ဘေးပတ်ပတ်လည်တော့ တပ်တွေ ဖြန့်ကြက်ပြီး နေရာယူထားတယ်။ လက်နက် ခဲယမ်းတွေ အမြောက်အများ သိမ်းဆည်းရမိတယ်။ အရှင်လည်း ငါးဦး ဖမ်းမိထားတယ်။ သူတို့ကိုကျ လတ်တလော ထိန်းသိမ်းထားပါတယ်“

ဒီစစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း ဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၄၀၂) အထိုင်ချတဲ့ ဝှေခါ ဗျူဟာကုန်းစခန်းကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းယူပြီး စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အလားတူ မံစီမြို့နယ်၊ မန်ဝိန်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူပြီး ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား အယောက်သုံးဆယ်ကိုလည်း KIA ပူးပေါင်းတပ်တွေက ဖမ်းဆီးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။