မိုးဗြဲရဲစခန်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲပြင်းထန်
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို မေလ ၂၃ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်ဝန်းကျင် ဒေသတွေက ပူးပေါင်းတပ်ဖွဲ့တို့ ဝိုင်းဝန်းတိုက် ခိုက်နေပါတယ်။
တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်ကျဆုံးတာတွေရှိနိုင်တယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး မိုးဗြဲရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရပ်ကွက်တွေထဲက လူနေအိမ်တွေအပေါ် လက်နက်ကြီး ကျရောက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မေ ၂၃ ရက် မနက် ၈ နာရီကစပြီး ဒေသခံတွေ အပြင်မထွက်ကြဖို့ မိမိကိုယ်ပိုင် အရေးကြီးပစ္စည်းတွေကို ကြိုတင်ထုတ်ပိုးထားကြဖို့ မိုးဗြဲလူငယ်အဖွဲ့က မေ ၂၂ ရက်နေ့ညကတည်းက ထုတ်ပြန်ကြေညာထားတာကြောင့် ဒေသခံတွေအနေနဲ့ ကြိုတင်ရှောင်တိမ်းထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောလောဆယ် အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေပြီး နောက်ဆက်တွဲအခြေအနေတွေကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။