ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မတ်လ ၄ ရက် ဒီနေ့မနက်ပိုင်း အင်အားတစ်ရာလောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းအလုံး ၃၀ အသင့်ဆင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Regional Friend Fighters (RFF) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့က အောင်ဇေယျ တပ်ကျိုးကုန်းကနေပြီးတော့ ဘန့်ဘွေးဘက်ကို စစ်ကြောင်းထိုး တဲ့အချိန် ဘန့်ဘွေး ငါးမိုင်ဂိတ်ရဲ့ တောင်ဘက်အရောက်မှာ ကားလမ်းအတိုင်း မလာ ဘဲနဲ့ ဘေးလယ်ကွက်တွေကနေ ဖြန့်လာတယ်။ လာတဲ့အချိန်မှာ ကျွန်တော်တို့ ဆင် ထားတဲ့ မိုင်းကွင်းထဲကို သူတို့ ရောက်လာတာ။ အခု ကျွန်တော်တို့ သတင်းရတာက ဒီအချိန်ထိ အလောင်းက ၁၄ လောင်း ဖြစ်သွားပြီ”
မိုင်းဆွဲ တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အခုတိုက်ခိုက်မှုကိုတော့ Regional Friend Fighters (RFF) အဖွဲ့၊ မြွေဟောက်ပြောက် ကျား တပ်ဖွဲ့၊ မိုးသောက်ကြယ်အဖွဲ့နဲ့ ချင်းတွင်းဒေါင်း အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင် တာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မိုင်းမခွဲခင်နဲ့ မိုင်းခွဲပြီး အချိန်တွေမှာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်က ကွမ်းခြံ၊ ယာစောင့်တဲ၊ စိုက်ခင်းစောင့်တဲတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစလို့ ချင်းပုန်းရွာ၊ သပြေ အေးရွာတွေကို စစ်ကောင်စီတပ်က PDF တွေ လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လေကြောင်းကနေ တိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။