“ငါးမင်းဆွေ” ကို ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ငါးမင်းဆွေ (ခ) ဉီးမင်းဆွေဟာ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ရည်ရွယ်ပြီး လှုံ့ဆော်ဝါဒဖြန့်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ငါးမင်းဆွေ (ခ) ဦးမင်းဆွေ။ Photo: ငါးမင်းဆွေ/ Facebook

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာမှာ နေထိုင်တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ဖမ်းဆီးထိန်းသိမ်း အရေးယူဆောင်ရွက်နေကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ငါးမင်းဆွေ (ခ) ဉီးမင်းဆွေဟာ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ရည်ရွယ်ပြီး လှုံ့ဆော် ဝါဒဖြန့်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သူ့ကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘယ်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီ လက်အောက်ခံ ကျိုက်ထိုရဲစခန်းမှူးက လာဖမ်းနေကြောင်း ဖမ်းဆီးခံရသူ ငါးမင်းဆွေက ဗီဒီယိုရိုက်ပြီး သူ့ရဲ့ TikTok လူမှုကွန်ရက် စာမျက်နှာမှာ နိုဝင်ဘာ ၉ ရက်နေ့က တင်ခဲ့ပါတယ်။

“ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့အကြောင်းက ရန်ကုန်လှိုင်မြို့နယ်မှာ ကျွန်တော့်ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီကိစ္စနဲ့ ကျွန်တော့်ကို လာခေါ်တယ်။ ကျွန်တော့်ကို ရန်ကုန်ပို့မယ်ပေါ့။ ၅၀၅ (က) နဲ့ ကျွန်တော့်ကို တရားစွဲထားပါတယ်။ အဲလိုတော့ အကြမ်းဖျင်းသိရတယ်။ အသေးစိတ်တော့ မသိရဘူး”

စစ်တပ်ထောက်ခံသူလို့ နာမည်ကြီးနေတဲ့ ငါးမင်းဆွေဟာ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ် (လူမှုကွန်ရက်) ကနေ ရေးသားပုတ်ခတ်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရသလို လက်ရှိမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သရော်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org