တစ်ပတ်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားသူ ၅၀ အဖမ်းခံရ
2023.06.22

ဇွန်လ ၁၄ ရက်ကနေ ၂၁ ရက်အထိ တစ်ပတ်အတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှာ စစ်ကောင်စီကို ဆန့်ကျင် ရေးသားသူ ၅၀ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
လူမှုကွန်ရက် မီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်နဲ့ Tik Tok အကောင့်တွေမှာ စစ်ကောင်စီကို ဆန့်ကျင် ရေးသားသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူထားကြောင်း စစ်ကောင်စီရဲ့ ဇွန် ၂၀ နဲ့ ၂၁ ရက် သတင်းစာတွေကနေ ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒီထုတ်ပြန်ချက်တွေအရ ဇွန်လ ၁၄ ရက်နေ့မှာ နှစ်ဦး၊ ၁၅ ရက်နေ့မှာ သုံးဦး၊ ၁၇ ရက်နေ့မှာ နှစ်ဦး၊ ၁၈ ရက် နေ့မှာ သုံးဦး၊ ၁၉ ရက်နေ့မှာ နှစ်ဦး၊ ၂၀ ရက်နေ့မှာ ရှစ်ဦးနဲ့ ၂၁ ရက် တစ်ရက်တည်းမှာတင် လူ ၃၀ ကို ဖမ်းဆီးထားတာ တွေ့ရပါတယ်။
အဖမ်းခံရသူတွေအနက် ရန်ကုန်တိုင်းက ၁၂ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ အလွှာမျိုးစုံက ပြည်သူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီက လူတွေကို ဖမ်းချင်သလိုဖမ်း၊ တပ်ချင်တဲ့ ပုဒ်မတပ်ပြီးမှ သတင်းစာတွေကနေ ဝါဒဖြန့်နေတာလို့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ကြားမှာတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေဟာ ဝါဒဖြန့်တာ သက်သက်ပါပဲ။ အပြစ်မရှိတဲ့ သူတွေကို ဖမ်းဆီးပြီးမှ သူတို့ကြိုက်တဲ့ပုဒ်မတွေ တပ်နေတာပါ"
စစ်ကောင်စီသတင်းစာတွေမှာတော့ ဒီဖမ်းဆီးခံရသူတွေကို ထောင် ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ထောင်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၅၀၅-က၊ ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ ၃၃ (က) တို့နဲ့ အရေးယူသွားမယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီလကုန်ထိ တစ်နှစ်ကျော်အတွင်း လူမှုကွန်ရက် ဆိုရှယ် မီဒီယာတွေဖြစ်တဲ့ Facebook၊ TikTok နဲ့ Telegram စာမျက်နှာတွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကို ဆန့်ကျင်ရေးသားသူ ဒါမှမဟုတ် တခြားသူတွေ တင်ထားတာကို ပြန်ဝေမျှသူ အနည်းဆုံး လူ ၁၀၅၀ ဖမ်းဆီး အရေးယူခံထားရပါတယ်။
အဲဒီအထဲမှာ အခု ဇွန်လအတွင်း အဖမ်းခံရသူ ၅၀ ရဲ့ စာရင်း မပါဝင်သေးပါဘူး။