မင်္ဂလာဒုံ ပုလဲ ၃ ရပ်ကွက်က အိမ်ခြေ နှစ်ရာကျော် အတင်းအဓမ္မ ဖယ်ရှားခိုင်းခံရ
မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်ခြေ နှစ်ရာကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့အဖွဲ့က မေ ၁၀ ရက် နောက်ဆုံးထားဖယ်ရှားဖို့ ဖိအားပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-05-10 -
-
-
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်ခြေ နှစ်ရာကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့အဖွဲ့က မေလ ၁၀ ရက် ဒီနေ့နောက်ဆုံးထားဖယ်ရှားဖို့ ဖိအားပေး ထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
မေလ ၈ ရက်နေ့ကတည်းက သတိပေးစာနဲ့ ဖယ်ရှားခိုင်းထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ပေးသွားတဲ့စာထဲမှာတော့ စစ်တပ်ပိုင်တဲ့နယ်မြေဖြစ်တယ်လို့တော့ မပါဘူး။ ကျူးကျော်နေထိုင်ကြတဲ့သူတွေ ဖယ်ပေးပါတဲ့။ အိမ်ခြေ နှစ်ရာကျော်လောက်ရှိမယ်။ ကျွန်မတို့က ကျူးကျော်တဲ့သူတွေ မဟုတ်ဘူးလေ။ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက နေလာခဲ့ကြတာပါ။ အခုတော့ ဒီနေ့နောက်ဆုံးထားပြီး အိမ်တွေဖျက်ပြီး ဖယ်ပေးရမယ်တဲ့။ မဖယ်တဲ့အိမ်တွေကို စစ်တပ်နဲ့ လာဖျက်မယ်လို့ အုပ်ချုပ်ရေးမှူးအဖွဲ့က ပြောသွားတယ်။ သူအသက်ရှိနေသရွေ့ ဒီကျူးကျော်တွေ မရှိစေရဘူးတဲ့လေ။ အဲဒီလိုလည်း ခြိမ်းခြောက်သွားသေးတာ။ ဒီလောက်အပူချိန်တွေပြင်းပြင်းနဲ့ ကုန်စျေးနှုန်းက ကြီးကြီးနဲ့ ဘယ်နေရာမှာ သွားနေကြရမလဲရှင့်"
လောလောဆယ်တော့ ဒေသခံတွေဘက်က နေအိမ်တွေကို ဖယ်ရှားပေးတာ မရှိကြသေးဘူးလို့လည်း ပြောကြပါတယ်။
မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလက်မှတ်နဲ့ ဒေသခံတွေဆီကို ပေးပို့တဲ့ အကြောင်းကြားစာထဲမှာ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက် ဂျိုးဖြူပိုက်လိုင်းတစ်လျှောက် အမှတ် (၈) ရဲတပ်ရင်းအစပ်ကနေ ဘိုခြံလိမ်းထိပ်အထိ ကျူးကျော်နေထိုင်တဲ့ အဆောက်အအုံတွေအားလုံး မေလ ၁၀ နေ့ နောက်ဆုံးထားဖျက်သိမ်း ဖယ်ရှားပေးရမယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပုလဲ ၃ ရပ်ကွက်က နေအိမ်တွေကို မေလ ၄ ရက်နေ့က နောက်ဆုံးထားဖယ်ရှားပေးဖို့ ဧပြီလ ၂၉ ရက်နေ့က ပထမအကြိမ်သတိပေးစာပေးပို့ခဲ့ပေမဲ့ ဒေသခံတွေက ဖယ်ရှားပေးတာမရှိတာကြောင့် အခု ဒုတိယအကြိမ် စာပို့ပြီး ဖယ်ရှားခိုင်းခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။