မင်္ဂလာဒုံမှာ သားအမိနှစ်ဦး ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရ
2023.05.07

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ရပ်ကွက်မှာ ဧပြီ ၇ ရက်ဒီနေ့မနက် ၉ နာရီခန့်က မင်္ဂလာဒုံမြို့နယ် NLD ပါတီအလုပ်အမှုဆောင်ဦးဝင်းနိုင်ရဲ့ ညီမသားအမိနှစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးက အရေးပေါ်ခွဲစိပ်ကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မချစ်သမီးသေဆုံးပြီး အသက် ၄၀ ဝန်းကျင် မိခင်ဒေါ်ကြူကြူနိုင်ကတော့ အရေးပေါ်အခြေအနေနဲ့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကုန်းတလပေါင်ရပ်ကွက်၊ မိုးမခလမ်းမှာ စျေးဆိုင်တွဲ ဖွင့်ထားတဲ့နေအိမ်ကို အတည်မပြုနိုင်သေးတဲ့ လူငယ်နှစ်ဦး ကားနဲ့ရောက်လာပြီး ဝင်ပစ်သွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အိမ်နီးချင်းတစ်ဦးက RFA ကို ပြောပါတယ်။
“လူနှစ်ယောက်ပေါ့နော်။ ရုပ်ကလေးတွေကလည်း ဖြောင့်ဖြောင့်ချောချောလေးတွေ။ တစ်ယောက်က ကားမောင်းတယ်။ တစ်ယောက်ကဆင်းပြီးတော့ စျေးဝယ်သူလိုလိုဘာလိုလိုနဲ့ ဝင်ပစ်သွားတာ”
ပစ်ခတ်မှုဖြစ်ပြီးနောက် သားအမိနှစ်ဦးစလုံးကို စစ်ကောင်စီတပ်သားတွေ ကားနဲ့ လာသယ်သွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ရဲ့ မိသားစုဝင်တွေဖြစ်တာကြောင့် ပျူစောထီးတွေက လုပ်တာလို့ သတင်းမီဒီယာအချို့မှာ ရေးသားဖော်ပြနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၅ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၃၄၆၅ ဦး သေဆုံးခဲ့ရပါတယ်။