မဇ္ဈိမအလွတ်သတင်းထောက် မမေဘယ်လ် အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချခံရ
မဇ္ဈိမသတင်းဌာနရဲ့ အလွတ်သတင်းထောက် မမေဘယ်လ် (ခ) မညိမ်းညိမ်းအေးကို ဇူလိုင်လ ၁၄ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက RFA ကို ပြောပါတယ်။
- 2022-07-17
-
-
-
မဇ္ဈိမသတင်းဌာနရဲ့ အလွတ်သတင်းထောက် မမေဘယ်လ် (ခ) မညိမ်းညိမ်းအေးကို ဇူလိုင် ၁၄ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက RFA ကို ဒီကနေ့ ပြောပါတယ်။
မမေဘယ်လ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက်မှာ စစ်ကောင်စီရဲ့ တာမွေမြို့နယ်၊ ရဲစခန်းမှူး၊ ဒုရဲမှူး စန်းဝင်းအောင်က တရားလိုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - က နဲ့ စွပ်စွဲ အမိန့်ချခံလိုက်ရတာလို့ ရှေ့နေက ပြောပြပါတယ်။
"အဓိကသူ့ကို စွပ်စွဲတာကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ လမ်းမတော်မြို့နယ်အတွင်းက လူထုသပိတ်တွေ၊ အမေရိကန်သံရုံးရှေ့ လူထုသပိတ်တွေမှာ ပါဝင်တယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။ တကယ်တမ်း ပြန်ခုခံ ချေပတဲ့အခါမှာ မညိမ်းညိမ်းအေးက မဇ္ဈိမသတင်းဌာနရဲ့ သတင်းထောက်ဖြစ်တဲ့ အတွက် သတင်းမီဒီယာဥပဒေ ပုဒ်မ - ၇ ကင်းလွတ်ချက်အရ၊ သတင်းသမားဖြစ်လို့ သတင်းယူတာ၊ သတင်းရယူတာ ရာဇဝတ်မှု မဟုတ်ဘူးလို့ ခုခံချေပပါတယ်။ ဒါ ဥပဒေအရလည်း ဒီအတိုင်းပဲပေးထားပါတယ်။ သို့သော်လည်းပဲ တရားရုံးကတော့ အပြစ်ရှိတယ်လို့ သုံးသပ်ပြီး အမိန့်ချလိုက်တာပေါ့လေ"
မမေဘယ်လ်ကတော့ ဒီလိုအမိန့်ချတဲ့အပေါ် ကျေနပ်မှုမရှိသလို ဒီအတွက် အရှေ့ပိုင်းခရိုင်တရားရုံးမှာ မိသားစုနဲ့ ညှိနှိုင်းပြီး အယူခံတင်သွားမယ်လို့ ရှေ့နေက ပြောပြပါတယ်။
မမေဘယ်လ်ဟာ တာဝန်ကျေတဲ့ သတင်းထောက်ကောင်း တစ်ဦးဖြစ်ပြီး ဒီလိုစွပ်စွဲမှုတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ မဇ္ဈိမသတင်းဌာနရဲ့ စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက RFA ကို ပြောပါတယ်။
"တကယ်တော့ သူဟာ သတင်းထောက်တစ်ယောက် တာဝန်ကို ဒီလိုခက်ခဲတဲ့ကာလ မှာပါ လုပ်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်ကျောက်တင်နိုင်ခဲ့သူဖြစ်ပါတယ်။ စစ်အုပ်စုက သူ့ကို ဆူပူလှုံ့ဆော်မှုတွေ လုပ်တယ်ဆိုပြီး စွပ်စွဲထောင်ချတာ ဘာအဓိပ္ပါယ်မှမရှိပါဘူး"
သူဟာ ဇန်နဝါရီလ ၁၅ ရက်နေ့က သတင်းရယူနေချိန်မှာပဲ အဖမ်းခံလိုက်ရတာလို့လည်း မဇ္ဈိမသတင်းဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်လည်း မတ်လ ၂၂ ရက်နေ့မှာ ထောင်နှစ်နှစ် ချမှတ်ခံထားရပါတယ်။
စစ်ကောင်စီဟာ ဇူလိုင် ၇ ရက်နေ့ကလည်း DVB သတင်းထောက် ကိုစံလင်းအောင်ကို စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ခြောက်နှစ် ချမှတ် ထားပါတယ်။