မဇ္ဈိမသတင်းအယ်ဒီတာ ကိုသန်းထိုက်အောင် ထောင်ကပြန်လွတ်လာ

မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ဟာ နိုဝင်ဘာ ၁၇ ရက်၊ ဒီနေ့ ပြန်လွတ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သူဟာ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က)နဲ့ ဇမ္ဗူသီရိမြို့နယ်တရားရုံးက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်ခံထားရပြီး ချုပ်ရက်၊ လျှော့ရက်တွေနဲ့ လွတ်ရက်စေ့ဖို့ နှစ်လအလိုမှာပဲ ပြန်လွတ်လာတာလို့ ဆိုပါတယ်။
ဒီနေ့ ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီက လွှတ်ပေးတဲ့အထဲမှာ ပါလာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ကိုသန်းထိုက်အောင် အပြင်ရောက်ပြီ။ ကျန်းကျန်းမာမာရှိတယ်။ သူနဲ့အတူ ရမည်းသင်းထောင်က တခြား နိုင်ကျဉ်းတချို့လည်း လွတ်တယ်"
လွတ်ရက်စေ့ဖို့ ခြောက်လအောက် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာဖြစ်ပြီး ရမည်းသင်းအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပါဝင်တယ်လို့ သူကဆိုပါတယ်။
အဲဒီ ၁၄ ဦးထဲမှာ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ နေပြည်တော်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေတို့လည်း ပါဝင်လာပါတယ်။
ဒီနေ့မှာပဲ ပြည်မြို့အခြေစိုက် အလွတ်သတင်းထောက် ကိုလပြည့်လည်း ပြည်မြို့အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သတင်းသမားတချို့နဲ့ ရှမ်းပြည်နယ်အခြေစိုက် သတင်းထောက်တချို့ ပြန်လည်လွတ်မြောက်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ပြန်လွတ်၊ မလွတ် တိတိကျကျ မသိရသေးပါဘူ။
စစ်ကောင်စီက ဒီနေ့မှာကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၁၈ ဦးနဲ့ အကျဉ်းသူ ၉၄ ဦး အပါအဝင် တခြားပြစ်မှုတွေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောဆိုထားပါတယ်။