မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီလို့ MNDAA ပြော
တရုတ် - မြန်မာ နယ်စပ်အနီးက မုံးကိုးမြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီလို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝမ်က ပြောပါတယ်။
-
RFA Burmese
2023-11-08 -
-
-
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ်အနီးက မုံးကိုးမြို့ကို နိုဝင်ဘာလ ၇ ရက် မနေ့ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်နိုင်ခဲ့ပြီလို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝမ်က RFA ကိုပြောပါတယ်။
“မုံးကိုးမြို့ကိုတော့ ထိန်းနိုင်လိုက်ပြီဗျ။ မြို့အတွင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေတော့ မရှိတော့ဘူးဗျ”
ကွမ်းလုံနဲ့ လောက်ကိုင်မြို့တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကိုတော့ ဒီနေ့ နေ့လယ်ပိုင်းအထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲပဲလို့ လီကျားဝမ်က ဆိုပါတယ်။
မုံးကိုးမြို့အတွက် အရေးပါတဲ့ စစ်ကောင်စီ ဗျူဟာကုန်းကို နို၀င်ဘာ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့ပါ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဗျူဟာကုန်းကို သိမ်းနိုင်ခဲ့တာလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။
နို၀င်ဘာ ၆ ရက်နေ့ ဒရုန်းတိုက်ခိုက်မှုအတွင်း အဲဒီဗျူဟာကုန်းမှာရှိတဲ့ စစ်လက်နက်တွေ ထိမှန်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီရဲ့ တပ်မမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဘီးတပ်အမြောက် (ထုတ်ပြန်ချက်မှာ ဝီဇာလို့ရေးထား) နှစ်လက်ကို ဖျက်ဆီးခဲ့သလို ဘီးတပ်သံချပ်ကာကား တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA က ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်ဘက်က တပ်မမှူးတစ်ဦး သေဆုံးသွားတယ် ဆိုတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါ့အပြင် ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုဝင်ဘာလ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ ရှမ်းပြည် မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
တိုက်ပွဲကြောင့် နောင်ချို၊ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့တွေကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးလည်း ဖြတ်တောက်ခံထားရပါတယ်။
မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ စစ်ဆင်ရေးစတဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက် မနေ့ကအထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝ သိမ်းပိုက်ခဲ့ပါတယ်။
သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမယ့် အဲဒီမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲလို့ MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝမ်က ပြောပါတယ်။
စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျူဟာကုန်းတွေ အပါအဝင် စခန်းအကြီး၊ အသေး စုစုပေါင်း ၁၂၀ ဝန်းကျင်ကို သိမ်းပိုက်ခဲ့ပြီး သံချပ်ကာကား ခုနစ်စီးနဲ့ စစ်လက်နက်ပစ္စည်း အမြောက်အမြားကို သိမ်းနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။