မုံးကိုးတိုက်ပွဲကြောင့် ဒေသခံ ၁၅၀ ကျော် ထွက်ပြေးနေရ

RFA Burmese
2022.12.23
မုံးကိုးတိုက်ပွဲကြောင့် ဒေသခံ ၁၅၀ ကျော် ထွက်ပြေးနေရ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။
MNDAA

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ဒီနေ့ထိ သုံးရက်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ရွာသုံးရွာက ဒေသခံ ၁၅၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဟိုပန်၊ ဆမာနဲ့ မန်ကန်ရွာတွေအနီးမှာ တိုက်ပွဲတွေစဖြစ်ခဲ့ပြီး အဲဒီရွာတွေက ဒေသခံတွေ ဟာ ဝိန်းဆိုင်ရွာဘက်ကို ထွက်ပြေးရတာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၃ရက် ဒီနေ့မနက်ထိလည်း ဟိုပန်ကျေးရွာနားမှာ တိုက်ပွဲဖြစ်နေတုန်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက ဒီမနက်အထိ ဖြစ်နေတုန်းပဲ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတာဆိုတော့ ရွာနဲ့လည်းနီးလို့ အခု တော်တော်များများပြေးကြတာ။ အမျိုးသားတွေပဲ အိမ်စောင့်ဖို့ ကျန်ခဲ့တယ်။ ကလေးနဲ့ အမျိုးသမီးတွေကတော့ ပြေးနေကြရပြီ”

ထွက်ပြေးနေရသူတွေကို ဝိန်းဆိုင်ရွာ ခရစ်ယာန်ဘုရားကျောင်းမှာ လက်ခံထားပြီး မနေ့က ညအထိ လူဦးရေ ၁၃၀ ရောက်နေပြီလို့ သူက ဆိုပါတယ်။

ကျန်တဲ့သူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၀ရက်နေ့မှာ စစ်ကောင်စီဘက်က မူဆယ်ခရိုင် ကြူကုတ်၊ ပန်ဆိုင်းမြို့နဲ့ မုံးပေါ်မြို့ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ကိုးကန့်တပ်ဖွဲ့ရှိရာကို ထိုးစစ်ဆင်လာတာ ကနေ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာလို့ ဒေသခံတချို့ က ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

MNDAA ဘက်ကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၈၀ လောက်ဟာ MNDAA တပ်မဟာ ၅၁၁ ရှိရာ မုံးကိုးခရိုင် တာမုံးပေါ် ဒေသကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ကိုးကန်တပ်ဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မနေ့က ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းမှာ ကိုးကန့်တပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၈ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့သလို နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အထိ ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့နယ်အတွင်းမှာ ရက်အတန်ကြာတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုး ထားတာမရှိသလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုကိုလည်း တက်ရောက် ထားတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။