မွန်ပြည်လွတ်မြောက်ရေးတပ်သားသစ်တွေ သင်တန်းဆင်း

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ ပျက်သုဉ်းရေး ဆက်လက်တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ M.L.A ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က KNU တပ်မဟာ (၆) နယ်မြေထဲတစ်နေရာ ပြုလုပ်နေစဉ်။ Mon Liberation Army

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၆ ရက် ဒီနေ့ KNU တပ်မဟာ (၆) နယ်မြေထဲမှာ လုပ်ခဲ့တာဖြစ်ပါတယ်။

အပတ်စဉ်သုံးခုပေါင်း သင်တန်းဆင်းတာဖြစ်ပြီး စစ်အင်အားအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ M.L.A တပ်ဘက်က ပြောဆိုတာ မရှိပါဘူး။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ ပျက်သုဉ်းရေး ဆက်လက်တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ မွန်ပြည်လွတ်‌‌မြောက်ရေးတပ်တော် (M.L.A) ဒုစစ်ဦးစီးချုပ် နိုင်မာဃက RFA ကိုပြောပါတယ်။

"အပတ်စဉ်သုံးလေးငါး မဆင်းခင်ကတည်းက ကော့ဘိန်းတိုက်ပွဲမှာလည်း စစ်အာဏာရှင်ပျက်သုဉ်းရေးတိုက်ပွဲဝင်ခဲ့တယ်။ ရှေ့ဆက်လည်း တိုက်ပွဲဝင်နိုင်ဖို့ ကျွန်တော်တို့ ဆက်ကြိုးစားနေတယ်၊ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးတိုက်ပွဲဝင်ဖို့တွေလည်း ရှိပါတယ်"

မွန်ပြည်လွတ်‌‌မြောက်ရေးတပ်တော်(M.L.A) ခေါင်းဆောင်တွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီမှာ စစ်ပညာတွေ သင်ယူခဲ့တာပါ။

အဲဒီနောက်၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ မွန်ပြည်နယ်မှာ ပြန်လည်အခြေချပြီးနောက် မွန်ပြည်လွတ်‌‌မြောက်ရေးတပ်တော် (M.L.A) ကို တည်ထောင်ထားတာဖြစ်ပါတယ်။

ဒီနေ့သင်တန်းဆင်းပွဲကို TNLA နဲ့ KNDO က ဗိုလ်မှူးကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org