မွန်နဲ့ တနင်္သာရီနယ်စပ်က စစ်ကောင်စီစခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ

RFA Burmese
2024.12.20
မွန်နဲ့ တနင်္သာရီနယ်စပ်က စစ်ကောင်စီစခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) (NMSP-AD) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
New Mon State Party-AD

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။

ရေးမြို့နယ်က စခန်းကို ပူးပေါင်းတပ်တွေ စခန်းသိမ်းယူပြီး မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) (NMSP-AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက RFA ကို ပြောပါတယ်။

"ဒီဇင်ဘာလ ၁၇ ရက် မနက်ခြောက်နာရီခန့်မှာ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တယ်၊ စကစဘက်က ဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်းလေးယောက်သေတယ်၊ ဒဏ်ရာအများအပြားလည်းရတယ်လို့ ကျွန်တော်တို့ နောက်ပိုင်းသိရတယ်၊ ဒီစခန်းကို မီးရှို့လိုက်နိုင်တယ်၊ နောက်ပိုင်း လက်နက်ကြီးနဲ့ ပစ်လို့ ဘေးကင်းစွာနဲ့ ဆုတ်ခွာသွားနိုင်တယ်"

စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ၁၀၆ နဲ့ ခြေမြန်တပ်ရင်း ၅၈၇ စတဲ့တပ်ရင်းနှစ်ခုက မော့ကနင်ရွာအနီးမှာ တပ်စွဲထားတာဖြစ်ပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲကို NMSP-AD နဲ့အတူ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ YPDF နဲ့ YRF တို့ ပူးပေါင်းပါဝင်တယ်လို့လည်း ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ NMASP - AD က တစ်ဦးနဲ့ တော်လှန်ရေးပူးပေါင်းတပ်က တစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီ ဒီဇင်ဘာလ ၁၇ က်နေ့မှာပဲ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင်တွင်တပ်စွဲထားတဲ့ စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းကို သိမ်းယူခဲ့တယ်လို့ ဒေါနတပ်ရင်းက ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး တစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒီထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။