မွန်ပါတီတွေ ပေါင်းစည်းရေး အတွက် AMDP အဆိုပြု

မွန်တိုင်းရင်းသားပါတီတွေ ပေါင်း စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ AMDP ရဲ့ သဘော ထား အဆိုပြုချက်ကို AMDP ပါတီက မွန်အမျိုးသားပါတီနဲ့ အမျိုးသမီးပါတီ (မွန်)တို့ထံ အခုလ ၈ ရက်နေ့က ပေးပို့လိုက် ပါတယ်။

မွန်တိုင်းရင်းသားပါတီတွေ ပေါင်းစည်းနိုင်ရေးနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ရဲ့ သဘောထား အဆိုပြုချက်ကို  AMDP ပါတီက မွန်အမျိုးသားပါတီနဲ့ အမျိုးသမီးပါတီ (မွန်)တို့ထံ အခုလ ၈ ရက်နေ့က ပေးပို့လိုက်ပါတယ်။

မွန်ကိုယ်စားပြုပါတီတွေ ပေါင်းစည်းဖို့အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဘက်က ဖိတ်ခေါ် စာပေးပို့တဲ့သဘော ဖြစ်တယ်လို့ AMDP ရဲ့တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောပါတယ်။

"အဓိကက ကျနော်တို့ မွန်ကိုယ်စားပြုပါတီ ၃ ပါတီရှိတာပေါ့ဗျာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ဒီ ၃ ခုက ပေါင်းစည်းညီညွတ်သင့်တယ်ဆိုပြီးတော့ ဖိတ်ခေါ် တာပေါ့နော်"

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အဆိုပြုလွှာကို လက်ခံရရှိကြောင်းနဲ့ အခုလကုန်ကျင်းပမယ့် မွန်အမျိုး သားပါတီ MNP ရဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးပြီးမှသာ အကြောင်းပြန်ကြားနိုင်မှာ ဖြစ်ကြောင်း MNP ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်က ပြောပါတယ်။

"အခု သူတို့ကမ်းလှမ်းတာကလည်း ပထမညှိနှိုင်းရေးအဖွဲ့ကို အသိမှတ်မပြုတော့ဘူးဆိုတဲ့ သဘောဆောင်နေတော့ ဦးတို့ကလည်း ဘာမှမတုန့်ပြန်နိုင်သေးဘူး။သူတို့ကို ဦးက ဒီနေ့ပဲ ဖုန်းဆက် လိုက်တယ်။ ခင်ဗျားတို့ ပေးတဲ့စာ လက်ခံရရှိတယ်။ နောက်ပြီးတော့ ကျနော်တို့က ဆုံးဖြတ်ချက်ဘာမှ မပေးနိုင်သေးဘူး။ CEC ထိုင်ပြီးတော့မှ အကြောင်းပြန်နိုင်မယ်ပေါ့ အဲလိုပြောလိုက်တယ်။ ဒီလကုန်လောက်မှ ဖြစ်မယ်ထင်တယ်။ ဒီလအတွင်းမှာပေါ့"

ချောင်းဆုံနဲ့ ရေးမြို့နယ်တွေက မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က ပါတီဝင်တွေဟာ AMDP အနေနဲ့ မွန်ပါတီတွေပေါင်းစည်းရေးကို မဆောင်ရွက်ဘူးဆိုရင် ပါတီကနေ နှုတ်ထွက်သွားမယ်ဆိုပြီး ပါတီဗဟိုဌာနချုပ်ကို အခုလဆန်းပိုင်းက အကြောင်းကြားစာ ပေးပို့ထားပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့ ပေါင်းစည်းရေးအတွက် မွန်ပြည်သစ် ပါတီက ကိုယ်စားလှယ်တွေ၊  ရဟန်းသံဃာတွေ၊ မွန်တတ်သိပညာရှင်တွေ စုစုပေါင်း ၁၈ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးအဖွဲ့က ပါတီနှစ်ခုပေါင်းစည်းရေးအတွက် ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပါတီတွေ ပေါင်းစည်းရေးအတွက် အဲဒီညှိနှိုင်းရေးအဖွဲ့နဲ့ ဆောင်ရွက် လိုတာမဟုတ်ဘဲ ညှိနှိုင်းရေးအဖွဲ့ကို ပါတီတစ်ခုစီက ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းဆောင်ရွက်လိုကြောင်း အဆိုပြုလွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် မွန်ပြည်သစ်ပါတီက ဦးဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့က မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ခုပေါင်းစည်းရေးကို ဦးတည်လုပ်ဆောင်တာဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အဆိုပြုချက်မှာတော့ အမျိုးသမီးပါတီ( မွန်) ကိုပါ ပေါင်းစည်းရေးအတွက် ထည့်သွင်းဆောင်ရွက်ဖို့ ရေးသားထား တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့ လွှတ်တော်နေရာအတွက် မွန်အမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သလို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ ဗဟိုကလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org