မွန်ကိုယ်စားပြု ပါတီတစ်ရပ် တည်ထောင်ဖို့ ညီလာခံမှာ ဆုံးဖြတ်
2018.01.14

မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ပါတီတစ်ရပ် တည်ထောင်ဖို့ ဒီနေ့ ကျင်းပတဲ့ မွန်ပြည်သူ့ညီလာခံက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမယ့် ပါတီကို ၆ လ အတွင်းဖွဲ့စည်းဖို့ ဆုံးဖြတ်ထားပြီး ပါတီဖွဲ့စည်းပုံ ရေးဆွဲဖို့ အတွက် ၂၁ ဦးပါဝင်တဲ့ မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့လိုက်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဆရာတော် ဦးဝရဝံသ က မိန့်ပါတယ်။
"၆ လမှာ အပြီးပေါ့နော်၊ ဒီပါတီ ဖြစ်မြောက်ရေးအတွက်ရော ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်း ဥပဒေတွေလည်း တတ်သိတဲ့ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ပေါ့နော်၊ ၂ ချက်လုံး ပါတာပေါ့"
နိုင်ငံရေးပါတီဖြစ်မြောက်ရေးအဖွဲ့ကနေ ပါတီဖွဲ့စည်းပုံ၊ အလံနဲ့ လိုအပ်တာတွေကို ၆ လ အတွင်း ရေးဆွဲရမှာ ဖြစ်သလို ၃လအတွင်း မွန်နိုင်ငံရေးပါတီနှစ်ခုကို ပူးပေါင်းလာအောင် စည်းရုံးရမှာဖြစ်ပါတယ်။
၃ လ အတွင်း မွန်နိုင်ငံရေးပါတီနှစ်ခုက မပူးပေါင်းဘူးဆိုရင် ချမှတ်ထားတဲ့အတိုင်း ဆက်လက်ကာ မွန်အမျိုးသား ကိုယ်စားပြုပါတီကို ဆက်လက်ထူထောင်သွားမယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီဖြစ်မြောက်ရေးအဖွဲ့က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံတွေ အလံတွေကို ၆ လ အကြာမှာ ညီလာခံတစ်ခု ခေါ်ယူကာအတည်ပြုပြီး ပါတီထူထောင်သွားမယ်လို့ သိရပါတယ်။
အဲဒီ၂၁ ဦးကော်မတီကို ကြီးကြပ်အကြံပေးဖို့အတွက် ၁၉ ဦးပါဝင်တဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။
မွန်ပြည်သူညီလာခံကို မနေ့က စတင်ကာ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ မွန်တိုင်းရင်းသားတွေ၊ နိုင်ငံရပ်ခြားမှာရှိတဲ့ မွန်တွေအပါအဝင် လူဦးရေ ၈၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီက လေ့လာသူအဖြစ်တက်ရောက်ခဲ့သလို မွန်နိုင်ငံရေးပါတီ နှစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်တွေကတော့ တက်ရောက်လာခြင်းမရှိပါဘူး။