ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မုံရွာထောင်က အကျဉ်းသားအချို့ကို ရွှေ့ပြောင်း
စစ်ကိုင်းတိုင်း မုံရွာမြို့ အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ ညနေက ထောင်တွင်း ဆန္ဒပြမှုအပေါ် ထောင်အာဏာပိုင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား တွေကို မြင်းခြံထောင်နဲ့ မြစ်ကြီးနားထောင်တွေကို ဧပြီလ ၇ ရက် မနေ့က ပြောင်းရွှေ့လိုက် တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
မနေ့က မုံရွာမြို့ လမ်းဆုံတွေမှာ လုံခြုံရေးတင်းကျပ်ပြီး ကားတွေနဲ့ ပြောင်းရွှေ့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"၅၀၅ (က) ၊ (ခ) တွေနဲ့ စွဲထားပြီး အမိန့်ချခံထားရသူတွေကို ပြောင်းရွှေ့သွားတာ။ အဓိကကတော့ နွေဦးတော်လှန်ရေး အင်အားစုတွေကို လူစုခွဲတာပေါ့။ အဖွဲ့လိုက်စုံ နေတော့ ထောင်ထဲမှာ တောင်းဆိုတာတွေ မလုပ်နိုင်အောင်၊ ထောင်ဝင်စာ အလွယ် တကူ မတွေ့နိုင်အောင် လုပ်တာပေါ့"
မုံရွာအကျဉ်းထောင်ကနေ ပြောင်းရွှေ့ခံရတဲ့အထဲမှာ မင်းကင်းမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ပါဝင်သလို မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်နဲ့ ဥက္ကဋ္ဌဟောင်း ကိုရွှေဝင်းအောင် တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
လူဦးရေ ဘယ်လောက်ပြောင်းရွှေ့ပြီး ဘယ်သူတွေ ဘယ်ထောင်မှာ ရောက်နေတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မုံရွာက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကို RFA က ဒီနေ့ ညနေက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က မုံရွာအကျဉ်းထောင်တွင်း ဆန္ဒပြမှုကို စစ်ကောင်စီက ပစ်ခတ်နှိမ်နင်းရာမှာ အကျဉ်းသားတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အကျဉ်းထောင်နဲ့ ဝန်းကျင်မှာ စစ်တပ်က ဒီနေ့အထိ လုံခြုံရေး တင်းကျပ်ထားတယ်လို့လည်း ပြောပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီတပ်သားတွေဟာ မုံရွာအကျဉ်းထောင်အတွင်းမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၁၀၀၉၂ ဦး ရှိပါတယ်။