ကယားမှာ စစ်ကောင်စီကို တော်လှန်ရင်း သေဆုံးခဲ့သူ တစ်ရာကျော်ရှိ

2022.04.04
ကယားမှာ စစ်ကောင်စီကို တော်လှန်ရင်း သေဆုံးခဲ့သူ တစ်ရာကျော်ရှိ KNDF B-02 ရဲဘော် ဦးဗျားရယ် (၅၂) နှစ်ရဲ့ နာရေးအခမ်းအနားကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Karenni Nationalities Defense Force -B-02

ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခု ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်ကျော် ကာလအတွင်း ကယား (ကရင်နီ) ပြည်နယ်က မြို့နယ်တွေမှာ စစ်ကောင်စီ တပ်ကို ခုခံတော်လှန်နေတဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ၁၀၁ ဦး သေဆုံးခဲ့ တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၃ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ၃၆ ဦး၊ ကရင်နီတပ်မတော် (KA) က ၁၀ ဦး၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်အခြေပြု PDF တပ်ဖွဲ့တွေက ၃၃ ဦး၊ ကရင် နီ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) Karenni Generation Z (KGZ)၊ Fight For Justic (JPDF) အဖွဲ့တွေက ၁၅ ဦးနဲ့ အတည်ပြုဖို့ စုံစမ်းဆဲ PDF ရဲဘော် လေးဦးတို့ ပါဝင်ပါတယ်။

"တော်လှန်ရေးလုပ်တယ် ဆိုတာကတော့ ပေးဆပ်ကြရတာပဲလေ"

သေဆုံးသွားတဲ့ ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့ဝင်အများစုဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်ကောင်စီ တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးရတာလို့ (PKPF) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ အဲဒီမှာ ကျတဲ့ ၁၀၁ ယောက်ကတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျဆုံးတဲ့ လူတွေပါပဲ။ အများစုပေါ့နော်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ပြီး ထိ သွားတဲ့လူ၊ နောက်ပြီး လေကြောင်းနဲ့ ပစ်ပြီး ထိသွားတဲ့လူ အများစု အဲဒီနှစ်ခုကြောင့် ကျဆုံးသွားတယ်ပေါ့။ နောက်တစ်ခုက စနိုက်ဘာကြောင့် ကျဆုံးတဲ့သူ သုံး၊ လေး ယောက်လောက်တော့ရှိတယ်။ ဒီအခြေအနေကတော့ တော်လှန်ရေး၊ စစ်ရေး၊ နိုင်ငံရေးအရ အမြင့်ဆုံးအချိန်မှာ ကျနော်တို့ ကရင်နီပြည်မှာရှိတဲ့ ပြည်သူတွေ၊ သူရဲကောင်းတွေကတော့ အတတ်နိုင်ဆုံး တာဝန်ကျေကျေ ထမ်းဆောင်ပြီး တိုက်ခိုက်နေတယ်လို့ ကျနော်တို့ကတော့ ဂုဏ်ပြုပြီး ပြောကြားလိုတယ်”

အခု သေဆုံးခဲ့ရတဲ့ လူတစ်ရာကျော်စာရင်းမှာ စစ်မြေပြင်မှာ ဒဏ်ရာရသူတွေ၊ ပိတ်မိနေ တဲ့သူတွေကို ကူညီပေးနေတဲ့ Free Burma Rangers အဖွဲ့က တပ်ဖွဲ့ဝင် သုံးဦးကိုလည်း PKPF က ထည့်သွင်းထားပါတယ်။

သူတို့သုံးယောက်မှာ တစ်ယောက်က စစ်ဘေးဒုက္ခသည်တွေကို ကူညီရင်း စစ်ကောင်စီ တပ်ရဲ့ ပစ်ခတ်တာခံရပြီး၊ နောက်ထပ်နှစ်ယောက်ကတော့ တိုက်ပွဲတွေကြားမှာ ကယ် ဆယ်ရေးလုပ်ရင်းနဲ့ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ သေဆုံးခဲ့ရတဲ့ အသက် ၂၄ နှစ်ရွယ် ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိခင်က သူ့ရဲ့ ဆုံးရှုံးမှုကို ပြောပါတယ်။

“သားတစ်ယောက်ပဲ ရှိတယ်ဆိုတော့ နှမြောတာပေါ့။ မိဘတွေ ပြန်လုပ်ကျွေးဖို့ သူက လည်း အားခဲထားတယ်။ အာဏာရှင်စနစ် ကျဆုံးဖို့အတွက် သူက အရမ်းစိတ်အားထက် သန်တော့လည်း သူ့ကို ခွင့်ပြုပေးလိုက်တယ် ဆိုပေမယ့် ပြန်လာဖို့လည်း မျှော်လင့်တာ ပေါ့နော်။ ဒါပေမဲ့ ဒီလိုအခြေအနေဖြစ်မှတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါပေမဲ့ သူ့ကို တစ်ရက်မှ မေ့လို့မရဘူး။ အမေတစ်ယောက်အနေနဲ့ ရင်ထဲမှာ မခံစားနိုင်အောင် ကို အခုထိ ခံစားနေရတုန်း”

သူ့ရဲ့သားဟာ စစ်အာဏာသိမ်းပြီးမှ ကရင်နီတပ်မတော် (KA) ထဲကို ဝင်ရောက် အမှုထမ်းခဲ့ သူဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တာကြောင့် လူငယ်အများအပြား အသက်စွန့်ခဲ့ရတယ်လို့ ကရင်နီ အမျိုးသားကာ ကွယ်ရေးတပ် (KNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်က ပြောပါတယ်။

“ဒီပြည်နယ်အတွင်းမှာကတော့ စစ်မျက်နှာ အစောဆုံးဖွင့်ရတဲ့ ပြည်နယ်ပေါ့။ အခုလည်း တိုက်ပွဲတွေ အပြင်းထန်ဆုံး ပြည်နယ်လည်း ဖြစ်တယ်။ နောက်ပြီး လူငယ်တွေများစွာ အသက်ပေးသွားတဲ့အပေါ်မှာ ကျနော်တို့ကတော့ ဒါ အသိမှတ်ပြု လေးစားတယ်။ ကျ ဆုံးသွားတဲ့ တစ်ဦးချင်းစီတိုင်းကိုလည်း သူရဲကောင်းအဖြစ်နဲ့ ကျနော်တို့ မှတ်တမ်းတင် ထားတယ်”

ကယား (ကရင်နီ) ပြည်နယ်ရဲ့ တစ်နှစ်ကျော်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အအုံ ၁၄ လုံးနဲ့ မြို့ရွာတွေက နေအိမ်ပေါင်း ၈၈၉ လုံး ပျက်စီးခဲ့ရတယ်လို့ PKPF က သတင်းထုတ် ပြန်ပါတယ်။

အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရမှုက ၂၄၇ ဦးထိရှိခဲ့ပြီး တစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံ ရသူက ၂၂၁ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ

"ကယားဘက်မှာ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာဆိုလို့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ဖြစ်တယ်၊ ဧပြီ လ ၂ ရက်နေ့မှာတော့ နန်းမယ်ခုံဘက်မှာ လုံခြုံရေးစစ်ကြောင်းကို KNPP နဲ့ အကြမ်းဖက် အင်အား ၃၀ လောက်ရှိမယ် အဝေးကနေ ၄၀ မမ နဲ့ ပစ်ပြီး နောက်ပြန်ဆုတ်သွားတယ် အဲဒီဖြစ်စဉ်တစ်ခုပဲ ရှိပါတယ်"

ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ထိခိုက်ပျက်စီးမှုတွေအပေါ် တုံ့ပြန် ချက်သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကယား (ကရင်နီ) ပြည်နယ်က လက်ကိုင်တော်လှန်နေတဲ့ လူငယ်တွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရလက်ထက်ကလည်း သူတို့ပြည်နယ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု လာရောက်စိုက်ထူတဲ့ကိစ္စမှာ အပြင်းအထန်ကန့်ကွက်ခဲ့ တဲ့သူတွေ ဖြစ်ပါတယ်။

kayah.jpg
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တာကြောင့် ထီးသဲကလိုးကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးခဲ့စဉ် (Photo: Karenni Nationalities Defense Force -KNDF B-10)

ကရင်နီ လူငယ်တွေဟာ နိုင်ငံရေးပါတီတစ်ခုအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်နေ တာ မဟုတ်ဘူးလို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခူထဲဘူးက ပြောပါတယ်။

“သူတို့ရဲ့အတွေးအခေါ်က ကျနော် နားလည်တာ ပါတီနိုင်ငံရေးကိုလုပ်တာ မဟုတ် ဘူးလေ။ လူထုအနေနဲ့လုပ်တယ် အဲဒီလူငယ်တွေက။ မှန်တဲ့ဘက်မှာ ရပ်တည်တယ်။ ဖြစ်သင့်တဲ့ဘက်မှာ ရပ်တည်တယ်ပေါ့။ NLD ကို မတရားလုပ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ မဟုတ်ဘူး။ သို့သော် လူထုအနေနဲ့ သူတို့ ဒါက မတရားတဲ့ လုပ်ရပ်ဖြစ်တယ်။ စစ် ကောင်စီဘက်ကနေပြီးတော့မှ သူတို့ အာဏာသိမ်းတယ်ဆိုတာတော့ သူတို့ပါဝင် လှုပ်ရှားတယ်ပေါ့နော်။ တော်လှန်ရေးလုပ်တယ် ဆိုတာကတော့ ပေးဆပ်ကြရတာ ပဲလေ။ အသက်သွေးချွေး အဲဒီလို ပေးဆပ်ရတယ်ဆိုတော့ ဒါ ဂုဏ်ယူပါတယ်။ အလေးပြုပါတယ်။ အသိအမှတ် ပြုပါတယ်”

လူဦးရေသုံးသိန်းလောက် နေထိုင်ကြတဲ့ ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီး ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ လူနှစ်သိန်းနီးပါးဟာ အိုးအိမ်တွေကို စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီနေ့ထိလည်း ကယား (ကရင်နီ) ပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားကာကွယ် ရေးတပ် (KNDF) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။