မိုးရေးမြို့မှာ မြန်မာစစ်ဘေးဒုက္ခသည် ဆယ်ဦး ထပ်မံဖမ်းဆီးခံရ
2023.11.05

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က မြန်မာစစ်ဘေး ဒုက္ခသည် အမျိုးသားဆယ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီမှာနေထိုင်တဲ့ မြန်မာ စစ်ဘေးဒုက္ခသည်တွေက RFA ကို ဒီကနေ့ပြောပါတယ်။
အဲဒီအမျိုးသားဆယ်ဦးကို မဏိပူရ်အာဏာပိုင်တွေက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် အင်ဖာအကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁ ရက် မနက်ကလည်း မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၁ ဦးကို မဏိပူရ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ၄၁ ဦးထဲက အသက်မပြည့်သေးတဲ့ ကလေးငယ်၊ လူငယ်တချို့နဲ့ အမျိုးသမီးတွေကို နိုဝင်ဘာ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသား ၁၁ ဦးကိုတော့ အင်ဖာထောင်ကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာပဲ နောက်ထပ်အမျိုးသားဆယ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးရေးမြို့မှာနေထိုင်သူ မြန်မာစစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်မယောက်ျားနဲ့ ကျွန်မသားလေး အဖမ်းခံရတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ မိန်းမ တွေနဲ့ ကလေးတွေ ပြန်လွတ်တဲ့အထဲ သူတို့တွေမပါသေးဘူး။ အဲဒီ နိုဝင်ဘာ ၂ ရက်နေ့ မှာလည်း အမျိုးသား ၁၀ ဦး ထပ်ဖမ်းလိုက်တယ်။ တစ်မိသားစုမှာ သုံးယောက်၊ လေးယောက်အထိ အဖမ်းခံရတဲ့သူတွေများတယ်။ အဓိကတော့ မြန်မာယောက်ျားတွေ ကို ဖမ်းတာ”
အောက်တိုဘာ ၃၁ ရက်နေ့က မိုးရေးမြို့မှာ ရဟတ်ယာဉ်ကွင်း ဖောက်လုပ်မယ့်နေရာကို လာရောက်ကြည့်ရှုတဲ့ ရဲအရာရှိတစ်ဦး ပစ်သတ်ခံရပြီးနောက် သံသယရှိသူတွေကို ရှာဖွေဖမ်းဆီးနေသလို မြန်မာဒုက္ခသည်တွေပါ ရောပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
မဏိပူရ်အာဏာပိုင်တွေဟာ ကျန်ခဲ့တဲ့ရက်ကလည်း နေအိမ်တွေကို လိုက်လံစစ်ဆေး ခဲ့တာကြောင့် မြန်မာစစ်ဘေး ဒုက္ခသည်တွေ အပြင်မထွက်ရဲကြဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“ရဲအရာရှိကိုပစ်တဲ့ စနိုက်ပါသေနတ် ကျည်ဆန်ကို စစ်ဆေးတဲ့အခါ တရုတ်ထုတ် ကျည်ဆန်အမျိုးအစား ဖြစ်နေတယ်။ တရုတ်ထုတ် စနိုက်ပါဟာ မြန်မာဘက်က လာတာဖြစ်နိုင်တယ်ဆိုပြီးတော့ မဏိပူရ် အာဏာပိုင်တွေက မြန်မာစစ်ရှောင်တွေကို ရှာဖွေဖမ်းဆီးမှုတွေ လုပ်လာတာလို့ ပြောကြတယ်။ ကျွန်တော်တို့မှာ ဘာအပြစ်မှ မလုပ်ဘဲ အခုဆိုရင် အပြင်မထွက်ရဲဘူး။ အိမ်တွေ တံခါးပိတ်ပြီး ပုန်းနေရတယ်”
ဒီလို ဖမ်းဆီးမှုတွေကြောင့် မိုးရေးရောက် မြန်မာအမျိုးသမီးနဲ့ ကလေးငယ်တွေဟာ နိုဝင်ဘာလ ၂ ရက်နေ့က အာသံရိုင်ဖယ်တပ်စခန်းအနီးမှာ ထိုင်သပိတ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေထဲမှာ ရက်သား၊ လသားကလေးတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် မြန်မာဒုက္ခသည် နှစ်ရာကျော် အကျဉ်းချခံထားရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးသူတွေက ပြောပါတယ်။