ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မန္တလေးမြို့ကို သွားရောက်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့ညက အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက် ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် Yanghee Lee ပုံ Photo: Yanghee Lee Twitter

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ မန္တလေး မြို့မှာ ဒီလ ၁ ရက်နေ့ညက အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

Ms Yanghee Lee နဲ့ ဆွေးနွေးဖြစ်တဲ့ကိစ္စတွေကို ‘မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ’ အဖွဲ့ဝင် တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"မန္တလေးမှာ ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကို ကျနော်တို့ဘက် ကတင်ပြတယ်၊ နောက်ကော်မတီရဲ့ လုပ်ဆောင် ချက်တွေ၊ ရည်မှန်းချက်တွေ နောက်ဘာတွေ ဆက်လက်လုပ်မယ်ဆိုတာ ဖော်ပြတယ် ၊ နောက်ကော်မတီဟာ ငြိမ်းချမ်းမှုထိန်းသိမ်းမှု တည်ဆောက်ဖို့အတွက် အစိုးရအပါအဝင်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်ဘာသာဝင်နဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့တင်ပြတယ်၊ သူတို့ဘက်က ကျနော်တို့ကော်မတီနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပေးတယ်၊ နောက်ကျနော်တို့ တင်ပြချက်တွေနဲ့ သူတို့တွေ့ရှိချက်တွေကို နိုင်ငံတော်အစိုးရထံသို့၎င်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို၎င်း၊ နိုင်ငံတကာမိသားစုဆီကို၎င်း သူတို့ပြန်လည် တင်ပြပေးသွားမယ်လို့ ကတိပြုသွားပါတယ်"

Ms Yanghee Lee ဟာ ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ လူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ရာ နေရာတွေကို လှည့်လည်သွားရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ဗလီကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကပေးတဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရယူခဲ့ပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာအကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးစိုင်းစန်းဝေက အခုလိုပြောပါတယ်။

"ကချင်ပြည်နယ်ဆိုစေကာမူ ဒါကချင်ချည်းပဲနေတာမဟုတ်ဘူး၊ ကျနော်တို့ ရှမ်းတွေလည်းပဲ အများအပြား နေထိုင် တယ်ဆိုတဲ့အကြောင်း အများဆုံးလူ့အခွင့်အရေး ချိုးဖောက်ခံရတာကတော့ ကျနော်တို့ ရှမ်းတွေက အများဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံရတာပေါ့၊ ဒီနေ့ဒီအချိန်အထိ ကေအိုင်အေကနေပြီးတော့မှ ဒီဆပ်ကြေးပေးရတဲ့ ကိစ္စတွေက ဆက်လက်ပြီးတော့ ချိုးဖောက်နေတဲ့အနေအထား ဒီနေ့အထိရှိနေသေးတယ်ပေါ့လေ၊ ဒီအပေါ်မှာ လည်း အခုကိုယ်စားလှယ်သစ်က အာရှတိုက်သားလည်းဖြစ်နေတာကြောင့်မို့ ဒီရဲ့အနေအထားကို သူက ပိုပြီးတော့ ခံစားနားလည်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်တာပေါ့လေ"

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မနက်က မြစ်ကြီးနား အကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org