မူဆယ်-ပန်ဆိုင်း လမ်းပေါ်က ကျေးရွာမှာ မိုင်းနှစ်လုံး ပေါက်ကွဲ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ပန်ဆိုင်း (ကြူကုတ်) လမ်းပေါ်က နမ့်တောင်းကျေးရွာမှာ ဒီကနေ့ ညနေပိုင်း သုံးနာရီကျော်က မြေမြုပ်မိုင်းနှစ်လုံး ပေါက်ကွဲတဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
-
2018-09-19 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ပန်ဆိုင်း (ကြူကုတ်) လမ်းပေါ်က နမ့်တောင်းကျေးရွာမှာ ဒီကနေ့ ညနေပိုင်း သုံးနာရီကျော်က မြေမြုပ်မိုင်းနှစ်လုံး ပေါက်ကွဲတဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
နမ့်တောင်းကျေးရွာက MY Tel တာဝါတိုင်းအနီးမှာ မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ဒုတိယတစ်လုံး ပေါက်ကွဲရာမှာ လူတွေထိခိုက်ခဲ့တာလို့ မူဆယ်မြို့ ‘ကရုဏာ’ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက RFA ကို ပြောပါတယ်။
မိုင်းထိမှန်တဲ့ အမျိုးသမီးသုံးဦးထဲက တစ်ဦးက ဒဏ်ရာအပြင်းအထန်ရသွားတဲ့အတွက် ဆေးရုံပို့ချိန်မှာ သေဆုံးခဲ့ပါတယ်။ ကျန်နှစ်ဦးကို နီးစပ်ရာကားနဲ့မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဦးသောင်းထွန်း က ပြောပါတယ်။
မူဆယ်မြို့မရဲစခန်း တာဝန်ရှိသူကလည်း မိုင်းပေါက်ကွဲတာ မှန်ကန်ကြောင်း RFA ကို အတည်ပြု ပြောဆိုပါတယ်။ မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ပန်ဆိုင် (ကြူကုတ်) အပိုင်း နောင်တောင်းရွာမှာ ဖြစ်ပြီး မိုင်းထိတဲ့အတွက် ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ဦးထဲက တစ်ဦးသေဆုံးတယ်လို့ သတင်းရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီဒေသမှာ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေ၊ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း အတော်များများရှိပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။