ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာ
2024.11.20

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက အရေအတွက် အများဆုံးဖြစ်တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာ ၂၀ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းကြောင့် လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးဒဏ်ရာရခဲ့ပြီး ပထမဆုံးအကြိမ် အရေအတွက်အများဆုံးနိုင်ငံ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ICBL ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် လူ ခြောက်ထောင်ခန့် ( ၅၇၅၇ ဦး) သေဆုံးခဲ့ပါတယ်။
မြန်မာ၊ ရုရှားနဲ့ နိုင်ငံတချို့ဟာ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေပြီး မြေမြှုပ်မိုင်းအသုံးပြုမှုကို တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း ICBL အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကိုလံဘီယာ၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ပါလက်စတိုင်း တို့မှာလည်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေကို ဆက်လက် အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
အခုနှစ်အစီရင်ခံစာထဲမှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် အပါအဝင် အရပ်သားသေဆုံးမှု တုန်လှုပ်စရာ အရေအတွက်ကို မှတ်တမ်းတင်ထားတယ်လို့ ICBL ညွှန်ကြားရေးမှူး Tamar Gabelnick က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။