ရုရှားရဲ့ကျူးကျော်စစ်ကို မြန်မာနဲ့အာဖဂန် ကုလ ကိုယ်စားလှယ်တွေ ကန့်ကွက်မည်

2022.03.01
ရုရှားရဲ့ကျူးကျော်စစ်ကို မြန်မာနဲ့အာဖဂန် ကုလ ကိုယ်စားလှယ်တွေ ကန့်ကွက်မည် ၂ဝ၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က နယူးယောက်မြို့တွင် ရုရှား-ယူကရိန်းအရေး ကုလသမဂ္ဂအထူးအစည်းအဝေးပွဲ ကျင်းပစဉ်။
Photo - AFP

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချရေး ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချဖို့ မဲပေးမှုမှာ မြန်မာနဲ့အာဖဂန်နစ္စတန် နိုင်ငံတွေကလည်း ပါဝင်မယ်လို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ မနေ့က ဖော်ပြပါတယ်။

အာဖဂန်နိုင်ငံမှာ တာလီဘန်တွေက အုပ်စိုးနေပြီး မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာပါ။ ဒါပေမဲ့ ကုလသမဂ္ဂမှာတော့ အရင်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ သံအမတ်တွေကပဲ ဆက်ပြီးနေရာယူထားပါတယ်။ ဒီသံအမတ်တွေက ရုရှားရဲ့ကျူးကျော်စစ်ကို ကန့်ကွက်ကြမယ့် သဘောပါ။

မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ယူကရိန်းကို ရုရှားက ဝင်တိုက်တာဟာ ရုရှားရဲ့အချုပ်အခြာအာဏာတည်မြဲဖို့ လုပ်တာလို့ RFA ကိုပြောထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရုရှားကိုကန့်ကွက်ရေးမဲထည့်မယ့် ကိစ္စ ဟုတ်၊ မဟုတ်သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ မလိုက်နာရင်လည်းရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီကလည်း အတည်ပြုမယ့်ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ရုရှားရဲ့ကျူးကျော်မှုကို အပြင်းအထန်ဝိုင်းကန့်ကွက်ကြရင် ကမ္ဘာ့အလယ်မှာ ရုရှားက အပယ်ခံ အထီးကျန်နိုင်ငံအဖြစ် ထင်ရှားနေလိမ့်မယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။