ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရ
Isuzu အမှတ်တံဆိပ် ပစ်ကပ်ကားပေါ်လိုက်ပါလာတဲ့ အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ၁၁ ဦးကို ကားနဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
-
RFA Burmese
2024-06-19 -
-
-
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်အနောက်တောင်ပိုင်း ဖုဖရခရိုင်မှာ ဇွန်လ ၁၇ ရက်နေ့ညပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဓာတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။
Isuzu အမှတ်တံဆိပ် ပစ်ကပ်ကားပေါ်လိုက်ပါလာတဲ့ အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ၁၁ ဦးကို ကားနဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်းသူကတော့ အနီးမှာရှိတဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံကြားက သောင်းရင်းမြစ်ထဲ ခုန်ချထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးမိသူတွေကို ထိုင်းစစ်တပ်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ရက် ၁၂၀ စီမံကိန်းနဲ့ စစ်ဆေးနေပြီး ဇွန်လ ၅ ရက်နေ့ကနေ ဇွန်လ ၁၂ ရက်နေ့အတွင်း အလုပ်သမား နှစ်သောင်းခြောက်ထောင်ကျော်ကို စစ်ဆေးခဲ့တယ်လို့ ထိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီလိုစစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာကြတဲ့ မြန်မာနိုင်ငံသားအများစု စာရွက်စာတမ်း အထောက်အထားမရှိတာကြောင့် ဖမ်းဆီးခံရတာတွေ များနေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော်ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။