Daily Mail သတင်းမှားယွင်း ရေးသားဖေါ်ပြမှု တုန့်ပြန်မည်
UK နိုင်ငံအခြေစိုက် Daily Mail သတင်း ဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦးကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုပြီး ဓါတ်ပုံနဲ့ မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရဖြစ်စေ၊ နိုင်ငံတကာစာနယ်ဇင်း လုပ်ထုံးလုပ်နည်းတွေ အရဖြစ်စေ မြန်မာအစိုးရဘက်က တုန့်ပြန်တာလုပ်ဆောင် သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
-
2016-12-09 -
-
-
UK နိုင်ငံအခြေစိုက် Daily Mail သတင်းဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦးကို နှိပ်စက် ညှဉ်းပန်းနေတယ်ဆိုပြီး ဓါတ်ပုံနဲ့ မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံတကာ စာနယ်ဇင်း လုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ မြန်မာအစိုးရဘက်က တုန့်ပြန်တာလုပ်ဆောင်သွားမယ် လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က Daily Mail သတင်းဌာနက ဖေါ်ပြတဲ့သတင်းဟာ အွန်လိုင်းစာမျက်နှာတွေမှာ လည်း ပျံ့နှံ့နေတာဖြစ်လို့ Daily Mail သတင်းဌာနအနေနဲ့ တာဝန်ယူရမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါ တယ်။
''ဒီဟာကို ကျွန်တော်တို့ ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံတကာစာနယ်ဇင်းဆိုင်ရာပေါ့ လုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ တုန့်ပြန်သွားမယ်၊ လောလောဆယ်တော့ အခု ဒေးလီးမေးလ်က ဒီအပေါ်မှာ တစ်စုံတရာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး၊ မရှိပေမယ့် သူ့ရဲ့သတင်းမှားပြီးတော့ ဒီလိုလုပ်ကြံပြီးတော့ ထုတ်လွှင့်သွားတဲ့သတင်းက ကျန်တဲ့တချို့ဝက်ဘ်ဆိုက်တွေမှာ အဲဒါကိုကူးပြီးတော့ မူရင်းဇစ်မြစ် ဒေးလီးမေးလ်ဆိုပြီးတော့ ဆိုရှယ်မီဒီယာတို့၊ တွစ်တာတို့၊ ဖေ့စ်ဘွတ်တို့ ဒီလိုနေရာ မျိုးတွေမှာလည်း ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်ကို ပြန်ကိုးကားပြီးတော့ ဖြန့်ချိနေတာတွေ အများကြီးရှိတယ်''
ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တစ်ဦးကို ညှဉ်းပန်းနှိပ်စက်တာကို Daily Mail သတင်းဌာန က မြန်မာနိုင်ငံ မောင်တောဒေသမှာ မြန်မာ့တပ်မတော်သားတွေက ကလေးငယ်တစ်ဦးကို ကျင်စက်နဲ့ နှိပ်စက် ညှဉ်းပန်းတယ်ဆိုပြီး သတင်းမှားဖော်ပြထားတာဖြစ်ပါတယ်။
အခုလိုမျိုး လုပ်ကြံပြီး သတင်းမှားဖော်ပြတဲ့အတွက် နိုင်ငံတော်အတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ ဂုဏ်သိက္ခာကို ထိခိုက်စေတာမို့ ဥပဒေကြောင်းအရ တုန့်ပြန်သွားမှာဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
အခုလို သတင်းမှားဖော်ပြတယ်ဆိုပြီး ဝေဖန်နေတာတွေကြောင့် Daily Mail သတင်းဌာနက အဲဒီသတင်း ကို ပြန်ဖြုတ်ချသွားပေမယ့် တစ်ခြားအွန်လိုင်းစာမျက်နှာတွေမှာတော့ ရှိနေသေးတာဖြစ်ပါတယ်။