ထိုင်းနိုင်ငံသွားတဲ့ မြန်မာတွေ ကွာရန်တင်းဝင်ရမည်
မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံကို ဝင်ရောက်မယ်ဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးရင်တောင် ဟိုတယ်မှာ တစ်ပတ် အသွားအလာ ကန့်သတ်မှု (ကွာရန်တင်း) အဖြစ် နေရဦးမှာဖြစ်ပါတယ်။
- 2021-10-22
-
-
-
နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက ခရီးသွားတွေ ထိုင်းနိုင်ငံကို ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ အသွားအလာ ကန့်သတ်မှု (ကွာရန်တင်း) ဝင်စရာမလိုဘဲ ဝင်ရောက်နိုင်ပြီလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန က မနေ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ နိုင်ငံတွေထဲမှာ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ပါဝင်ပေမယ့် ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံ မပါဝင်ပါဘူး။
မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံကို ဝင်ရောက်မယ်ဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးရင်တောင် ဟိုတယ်မှာ တစ်ပတ် အသွားအလာ ကန့်သတ်မှု (ကွာရန်တင်း) အဖြစ် နေရဦးမှာဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ နိုင်ငံထဲမှာ ကိုဗစ်ရောဂါကူးစက်မှု လျော့ကျလာတာကြောင့် ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်လာဖို့ ဘန်ကောက်နဲ့ ဖူးခက်ကမ်းခြေ အပါအဝင် ပြည်နယ် ၁၇ ခုကို အောက်တိုဘာလ ၃၁ ရက်နေ့ ကစပြီး ညမထွက်ရ အမိန့်တွေ ပြန်လည်ရုပ်သိမ်းမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံ ငါးခုကို အသွားအလာကန့်သတ်မှု (ကွာရန်တင်း) ဝင်စရာမလိုဘဲ ခရီးသွား ဝင်ရောက်နိုင်ဖို့ ခွင့်ပြုခဲ့ပြီးနောက် ဥရောပသမဂ္ဂနိုင်ငံတွေ အပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကနေဒါ၊ ဟောင်ကောင်၊ အစ္စရေး၊ ဂျပန်နဲ့ တောင်ကိုးရီးယား အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံအထိ ထပ်တိုး ခွင့်ပြုမှာဖြစ်ပါတယ်။
ထိုင်းအစိုးရက ခွင့်ပြုမယ့် ၄၆ နိုင်ငံက ခရီးသွားတွေဟာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးထားရမှာ ဖြစ်တဲ့အပြင် နိုင်ငံထဲအဝင်မှာ ကိုဗစ်မရှိကြောင်း ထပ်မံ အစစ်ဆေးခံရမှာဖြစ်ပြီး ထိုင်းကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကိုလည်း လိုက်နာရမယ်လို့ ထုတ်ပြန် ထားပါတယ်။