မြန်မာအိမ်အကူ သေဆုံးမှု စစ်ဆေး
ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ အမှုပိတ်သိမ်းထားတဲ့ မြန်မာနိုင်ငံသား အိမ်အကူ မိန်းကလေးအလုပ်လုပ်တဲ့ နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က မနေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ပုံစံမျိုး မတွေ့ရဘူးလို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
-
2017-11-08 -
-
-
ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ အမှုပိတ်သိမ်းထားတဲ့ မြန်မာနိုင်ငံသား အိမ်အကူမိန်းကလေးအလုပ်လုပ်တဲ့ နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က မနေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ပုံစံမျိုး မတွေ့ရဘူး လို့ စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
သေနတ်မှန်တဲ့နေရာတွေ၊ အနေထားတွေကို လိုက်ကြည့်တဲ့အခါမှာ သေဆုံးသူ နော်ညိုအေးဟာ သူ့ကိုယ်သူ သေကြောင်းကြံတာမျိုး မဖြစ်နိုင်တဲ့အကြောင်း စစ်ဆေးရာမှာပါဝင်တဲ့ ထိုင်းရဲမှူးတစ်ယောက်က မှတ်ချက်ပေးတယ် လို့ ကိုရဲမင်း က ပြောပါတယ်။
"သူဌေးအိမ်ကိုလိုက်ပို့တဲ့ ရဲမှူးကို မနေ့က ကျနော်ကိုယ်တိုင်မေးတယ်။ ရဲမှူးခင်ဗျ ဒါကိုယ့်ဘာသာကိုယ် သတ်သေတာလား၊ သူများသတ်တာလား။ ဟာ မဟုတ်ဘူးတဲ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ပြောလို့မရဘူးတဲ့၊ အဲဒါဆိုရင် လွန်ခဲ့တဲ့ ၃ လ လောက်က သေသေချင်း အမှုတွဲဖိုင်မှာထွက်တဲ့ ထိုင်းသတင်းတွေ မှာထွက်တဲ့ မိမိကိုယ် မိမိသတ်သေသွားတဲ့ မြန်မာအိမ်ဖော်မိန်းကလေး အသက် ၁၇ နှစ်ဆိုပြီး ဒီရဲမှူးတို့ရဲ့ မှုခင်းတွဲတွေထဲ အမှုတွဲတွေထဲမှာ မိမိကိုယ်မိမိ သတ်သေသွားတယ်ဆိုတဲ့ အမှုစစ်ချက်ဆိုပြီး ရေးထားပြီးတော့ အခုမှမဟုတ်ဘူးလို့ ဘာလို့ပြောတာလဲဆိုတော့ အဲဒါအခုအခြေအနေပြောင်းသွားပြီ။ အဲတုန်းက သေချာမစစ် လိုက်ရလို့တဲ့။ အခု သေချာစစ်ကြည့်တော့ အဲလိုပြောလို့မရတော့ဘူးတဲ့။ အဲဒါဆို သူများသတ်တာလား။ အဲဒါ လည်းပြောလို့မရဘူးတဲ့။ ကျနော်တို့ အဆင့်ဆင့်စစ်ချက်တွေ ယူရဦးမယ်ဆိုပြီး ထိုင်းရဲက စကားတွေ ပြောင်းကုန် ပြီပေါ့နော်"
အဲဒီအိမ်ကို သွားရောက်စစ်ဆေးတဲ့အခါမှာ အိမ်ရှင်အမျိုးသမီးနဲ့ သမီးဖြစ်သူကို မတွေ့ရဘဲ အိမ်ရှင်အမျိုးသားကို သာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အိမ်အကူ နော်ညိုအေးက အိမ်ရှင်သိမ်းထားတဲ့ သေနတ်ကို ခိုးပြီး သေကြောင်းကြံတာလို့ အိမ်ရှင် အမျိုးသားက ထွက်ဆိုကြောင်း ကိုရဲမင်းက ပြောပါတယ်။
အဲဒီအမှုကို နယ်မြေခံရဲတပ်ဖွဲ့ကို တာဝန်မပေးဘဲ ထိုင်းနိုင်ငံ အမျိုးသားမှုခင်းတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ CSD က ဒီလကစပြီး ပြန်စစ်ဆေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းနိုင်ငံ လပ်ဘူရီမြို့က ထိုင်းနိုင်ငံသားတစ်ယောက်အိမ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အိမ်အကူ အမျိုးသမီး နော်ညိုအေး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုဟာ ကိုယ်ကိုကိုယ် သေကြောင်း ကြံစည်မှုလို့ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သတ်မှတ်ပြီး အမှုကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ နော်ညိုအေးရဲ့ မိသားစုဝင်တွေက မကျေနပ်တာကြောင့် ထိုင်းအမျိုးသား မှုခင်းတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့ အတွက် သေဆုံးသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂ ရက်နေ့က ပြန်လည်တူးဖော်ခဲ့တာ ဖြစ်ပါတယ်။