မြန်မာအိမ်ဖော်သေဆုံးမှု ထိုင်းမှုခင်းရဲဌာန ပြန်လည်အမှုဖွင့်
2017.11.01
ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီ ခရိုင်မှာ ကိုယ့်ကိုကိုယ် သတ်သေမှုနဲ့ အမှုပိတ်ခဲ့တဲ့ မြန်မာမိန်းကလေးတဦး သေဆုံးခဲ့တဲ့ အမှုကို ထိုင်းရာဇဝတ်မှု နှိမ်နင်းရေးဌာနက အမှုပြန်ဖွင့်ပြီး၊ ပြန်လည်စုံစမ်းစစ်ဆေးနေပါတယ်။
အသက် ၁၇ နှစ်အရွယ် သေဆုံးသူ မိန်းကလေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က သူအိမ်ဖေါ်အဖြစ် အလုပ်လုပ် တဲ့ နေအိမ်အတွင်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
အမှုကို စစ်ဆေးတဲ့ ရတ်ချာဘူရီ ရဲဌာနက အဲဒီမိန်းကလေးဟာ အလုပ်ရှင်ဆီက ၉ မမ ပစ္စတိုကို ခိုးယူ၊ သူ့ညာဘက် နားထင်ကို ပစ်ခတ်သတ်သေခဲ့တာလို့ ယူဆဆုံးဖြတ်ပြီး အမှုကို ပိတ်ခဲ့တာပါ။
ဒါပေမဲ့ မိန်းကလေးရဲ့ မိခင်နဲ့အမ ဖြစ်သူတို့က ရဲ အစီရင်ခံချက်အပေါ် သံသယရှိတာကြောင့်၊ ပြန်လည် စစ်ဆေးပေးဖို့ တောင်းခံခဲ့ကြတဲ့အတွက် ထိုင်း ရာဇဝတ်မှု နှိမ်နင်းရေးဌာနက အမှုပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
အမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အကူအညီတောင်းထားတဲ့ ထိုင်းရှေ့နေက ရတ်ချာဘူရီ ရဲဌာနရဲ့ ကောက်ချက်အပေါ် မေးခွန်းထုတ်စရာတွေရှိနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ မိန်းကလေးဟာ ဘယ်သန်ဖြစ်ပေမဲ့၊ သေနတ်က သူ့ရဲ့ ညာဘက်လက်ထဲမှာရှိနေတာ၊ အိမ်ဖော် မိန်းကလေးတယောက်က သေနတ်ရဲ့ လုံခြုံရေးခလုပ်ဖွင့်ပုံကို ဘယ်လို သိနေသလဲဆိုတာ၊ သေဆုံးသူကို ကိုယ်ခန္ဓာစစ်ဆေးဖို့ ပျက်ကွက်ခဲ့တာ စတဲ့အချက်တွေကို ရှေ့နေက ထောက်ပြခဲ့ပါတယ်။
အခုအခါ အဲဒီအမှုကို ထိုင်း ရာဇဝတ်မှု နှိမ်နင်းရေးဌာနက အဖွဲ့နှစ်ဖွဲ့ခွဲ စစ်ဆေးနေပါတယ်။ အခင်းဖြစ်ပွားရာနေရာ၊ လုံခြုံရေးကင်မရာမှတ်တမ်း၊ သေဆုံးသူရဲ့ လက်မှာ ယမ်းမှုန့်တွေ့၊ မတွေ့ စတဲ့ အထောက်အထားတွေ ရှာဖွေမယ်လို့ သိရပါတယ်။