ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲစီးနင်း၊ မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ လူဝင်မှုကြီးကြပ်ရေးရဲတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမား တစ်ရာကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်မှာ ဖမ်းဆီးခံရသည့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။ Khaosod English

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ ဩဂုတ် ၂၃ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးရဲတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမား တစ်ရာကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Pattaya News က ဖော်ပြပါတယ်။ ဒီလုပ်ငန်းခွင်မှာ မြန်မာနဲ့ ကမ္ဘောဒီယားက အလုပ်သမားတွေ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

အလုပ်သမားအများအပြားက ရဲတွေ ရုတ်တရက် ဝင်ရောက်လာတဲ့အတွက် ထိတ်လန့်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အလုပ်ရှင် လေးဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အလုပ်သမားတစ်ဦးရဲ့ ပြောဆိုချက်အရ သူတို့ဟာ Chanthaburi ခရိုင် Ban Laem ကနေတစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့တာဖြစ်ကြေင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ထွက်လာခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တစ်နေ့ ဘတ် ၅၅၀ ရရှိကြောင်းလည်း ပါရှိပါတယ်။

မြန်မာလုပ်သားအများအပြားဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပြီး ငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သူတို့ရဲ့အချက်အလက်ကို စစ်ဆေးနေကြောင်းနဲ့ တရားဝင်အထောက်အထားမရှိရင် ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ကြောင်း Pattaya News က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org