ငွေပေးပြီး ထိုင်းနိုင်ငံကို အလုပ်လာရှာသူများ အခက်အခဲတွေရင်ဆိုင်နေရ
2022.03.04

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၁ ဦး လုပ်အားခ မရလို့ အခက်အခဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေသူနဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
“ညီမတို့ ပိုက်ဆံမရဘူး။ တလစာလောက်ပေါ့။ စားစရာသောက်စရာတွေ မရှိကြတော့ဘူး။“
ဘန်ကောက်မြို့အနီး မော်ချစ်က ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၂၁ ဦးကို အလုပ်ရှင်က တစ်လစာ လုပ်အားခ မပေးတဲ့အတွက် လုပ်အားခ ပြန်ရဖို့ အကူအညီတောင်းထားတယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“အားလုံး ၂၁ ဦးရှိတယ်။ ဘန်ကောက်မြို့ မော်ချစ်နားက ဆောက်လုပ်ရေးဂွင်မှာလို့ ပြောတယ်။ ဒီနေ့မှ သူတို့ သူဌေးနဲ့ စကားပြောရတယ်။ သူတို့က အလုပ်လုပ်ခဲ့ပြီးတော့ အလုပ်စဝင်ခါစ လုပ်ခရော ၂ လစာ ရှိတာကို တလစာပဲ ၂၅ ရက် ၃ လကျရင် ပေးမယ် ဆိုပြီးတော့ ပြောင်းသွားတယ်။ ဖြစ်ချင်တော့ ကလေးတွေမှာလည်း အထောက်အထား မရှိကြဘူး။ အခု သံအရာရှိတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်”
မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံကနေ လူမှောင်ခိုတွေရဲ့ ဖြားယောင်းမှုကြောင့် ဝင်လာကြတာ ဖြစ်ပြီး တချို့ဆိုရင် ထိုင်းနိုင်ငံကို ရောက်ပြီဆိုရင် အလုပ်အကိုင် မရတာ တွေ၊ အလုပ်အကိုင် ရပေမဲ့ အလုပ်ရှင်က လုပ်အားခ မပေးတာတွေ ကြုံတွေ့နေရလို့ တရားဝင်လမ်းကြောင်းကနေ ဝင်လာကြဖို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“သူတို့ခေါ်လာတုန်းကတော့ ပွဲစားတွေကနေ အားကျလောက်အောင် ဟိုရောက်ရင် အလုပ်ချက်ချင်းရတဲ့ ပုံစံမျိုး ဒီကြတော့ အလုပ်ကမရ ရတဲ့အလုပ်ကျတော့လည်း စမတ်ခတွေ အင်မတန် ပိုက်ဆံပေးရ၊ တခါကျတော့လည်း ကလေးတွေမကြိုက်တဲ့ အလုပ်တွေ လုပ်ရ၊ အခုလိုပေါ့ အလုပ်ရပြန်တော့ အလုပ်ရှင်ကအထောက်အထားမဲ့ ဆိုပြီးတော့ တရားမဝင်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့က နှိမ်တဲ့အနေနဲ့ ခိုင်းတဲ့ပုံစံမျိုး ဖြစ်တာ ပေါ့လေ။ သူတို့ ထွက်လာတုန်းက သူတို့ခင်ဗျာ ကုန်ကျစရိတ်နဲ့ ဒုက္ခတွေနဲ့ လာကြ ရတယ်။ဒီရောက်တော့လည်း အလုပ်မှန်မှန်ကန်ကန် လုပ်ပေးရက်သားနဲ့ လုပ်အားခ ပေးဖို့ကို ပြဿနာဖြစ်တယ်။ ဖြစ်တော့ အန်ကယ်တို့က သူတို့ တိုင်လာတဲ့အခါမှာ သံအရာရှိနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင်ပဲ စဉ်းစားနေတာ”
ထိုင်းနိုင်ငံမှာ နိုင်ငံခြားလုပ်သားစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၇ အရ အထောက်အထား ရှိရှိ၊ မရှိရှိ အလုပ်ခိုင်းတဲ့ အလုပ်ရှင်ဟာ အလုပ်သမားကို လုပ်အားခ ပေးရမဲ့ တာဝန်ရှိပြီး အထောက်အထား မရှိသူကို ခိုင်းမိရင် အလုပ်ရှင်ဟာ အလုပ်သမားတစ်ဦးအတွက် ဒဏ်ငွေ ၁ သောင်းကနေ ၁ သိန်းထိ ပေးဆောင်ရမယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

လုပ်အားခမရလို့ အကူအညီတောင်းခံထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက အလုပ်ရှင်ဘက်က လုပ်အားခ မပေးလို့ အလုပ်မဆင်းဘဲ နေတာ ၂ ရက်ရှိပြီစားဝတ်နေရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။
“ညီမတို့ပိုက်ဆံမရဘူး။ တလစာလောက်ပေါ့၊ သူက လကုန်ရင် ရှင်းမယ်ဆိုပြီးမှ ပြီးခဲ့တဲ့ တစ်လပိုင်း ၂၅ ရက်နေ့က ညီမတို့ကို ၄ ရက်စာပဲ ရှင်းတယ်။ စားစရာသောက်စရာတွေ မရှိကြတော့ဘူး။ အဲဒါနဲ့ ၂၈ ရက်နေ့ ရှင်းမယ်ဆိုလို့ လကုန်ရင်လည်း မရှင်းပြန်ဘူး။ မနေ့ကလည်း ပိုက်ဆံထုတ်ပေးမယ်ဆိုပြီး မထုတ်ပေးဘူး။ လုပ်ခလည်း မပေးဘူး။ စားစရာလည်း မပေးဘူး။ အခုဆို ထမင်းကို မချက်ကြဘူးညီမတို့ အဖွဲ့၊ သံရုံးကို ရှေ့နေတို့ အကုန်လုံးကို အကူအညီတောင်းထားတယ်“
အခြားမြန်မာအလုပ်သမားတစ်ဦးကလည်း “ညှိမလာဘူး။ သူတို့ အလုပ်ဆင်းဖို့ပဲ ပြောတယ်။ နောက်ပြီးတော့ နေလို့ မရတော့ဘူး။ မီးခ၊ ရေခတွေနဲ့ မထားနိုင်ဘူး”
မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးကနေ လူပွဲစားကို ကျပ်ငွေ ၁၇ သိန်း (ဘတ်ငွေ ၂ သောင်းကျော် ၃ သောင်းခန့်) ပေးပြီး ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ဝင်လာခဲ့ရတာ ဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းနဲ့ ဝင်လာတာ ၃ လလောက်ရှိပြီ ဖြစ်ပြီး ပွဲစားတွေဟာ ထိုင်းနိုင်ငံ မဟာချိုင်က ချည်လုံးစက်ရုံမှာ အလုပ်ခန့်မယ်ဆိုပြီး ခေါ်ယူခဲ့ပေမဲ့ ထိုင်းနိုင်ငံရောက်တော့ အယုဒ္ဓယကို ပို့ပေးခဲ့တယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက ပြောပါတယ်။
“ပွဲစားတွေက မြန်မာနိုင်ငံမှာ ရှိစဉ်တုန်းက တစ်ယောက်ကို ၁၇ သိန်းကုန်မယ်။ ဘတ်မရှိရင် ဒီရောက်ရင် ဘတ်ရိုက်ပေးမှာ။ အလုပ်ကလည်း အဆင်ပြေတယ်။ တလကို ၆ သိန်း ၇ သိန်းရတယ်။ အဲဒီလို မျိုးတွေခေါ်တော့ ညီမတို့ မြန်မာနိုင်ငံမှာလည်း အဆင်မပြေတာနဲ့ တက်လာလိုက်တာ။ ဒီရောက်တော့ သူတို့က တာဝန်မယူဘူး။ သူတို့ခေါ်တာက တလုပ်၊ ညီမတို့ကို ပို့ပေးတဲ့အလုပ်က တလုပ်၊ ”
ဒါကြောင့် ထိုင်းနိုင်ငံထဲ အလုပ်လာလုပ်မယ်ဆိုရင် တရားဝင် လမ်းကြောင်းကနေပဲ ဝင်လာကြဖို့နဲ့ လူမှောင်ခို လူပွဲစားတွေကို မယုံကြဖို့ အခုအခက်အခဲ ဖြစ်နေတဲ့ မြန်မာ အလုပ်သမား တွေက ပြောပါတယ်။ ဒါပေမဲ့ ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း နေ့စဉ် ဝင်လာနေကြဆဲ ဖြစ်ပါတယ်။