မဟာချိုင်က မြန်မာတွေ ကိုဗစ်ကင်းကြောင်း လက်မှတ်ရဖို့ ခက်နေ

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ပုစွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့လို့ဆိုပြီး သီးခြားစောင့်ကြည့်ရေးဌာနကို ပြီးခဲ့တဲ့ သီတင်းပတ်က ပို့ထားတဲ့ မြန်မာအလုပ်သမား အယောက် ၇၀၀ ကို ရောဂါ မရှိတော့ဘူးဆိုပြီး ပြန်ပို့လိုက်ပါပြီ။ ပိုးမတွေ့လို့ ပြန်ပို့တယ်ဆိုပေမယ့် အလုပ်ဆက်လုပ်ဖို့ ဆိုရင် ပိုးကင်းရှင်းကြောင်း လက်မှတ်ပြရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေပါတယ်။

၂ဝ၂ဝ ဒီဇင်ဘာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ပုဇွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အစစ်ဆေးခံရန် စောင့်ဆိုင်းနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ Photo: AFP

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ပုစွန်ဈေးမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကြားမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့တဲ့သူတွေ ဆိုပြီး လူအယောက် ၇၀၀ လောက်ကို ဘောလုံးကွင်းမှာ ယာယီ ဆောက်ထားတဲ့ သီးခြားစောင့်ကြည့်ရေးဌာနကို ပို့ထားပါတယ်။

ဒီရက်မှာတော့ အဲဒီလူတွေမှာ ရောဂါပိုးမရှိတော့ဘူးဆိုပြီး အိမ်တွေကို ပြန်ပို့လိုက်ပါပြီ။ သူတို့ကို သီးခြားထားပေမယ့် အဲဒီလူတွေထဲမှာ နေထိုင်မကောင်းတဲ့သူတွေ မရှိခဲ့သလို ဘာဆေးမှလဲ တိုက်တာမျိုး မရှိဘူးလို့ အဲဒီယာယီဆေးရုံမှာ နေခဲ့ရတဲ့ ကိုမြင့်ဝေက ပြောပြပါတယ်။

သူတို့ကို ပြန်ပို့ပေမယ့် ပိုးကင်းရှင်းကြောင်း လက်မှတ်ထုတ်မပေးဘူးလို့ ပြောပါတယ်။ ပြန်ပို့လိုက်တဲ့သူ တွေထဲမှာ ဇန်နဝါရီလ ၅ ရက်နေ့ညက ဆန္ဒပြခံရတဲ့ အမျိုးသမီးနဲ့ ကလေးအယောက် ၂၀ ကျော်လည်း ပါတယ်လို့ မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ AAC မဟာမိတ်များအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

အခုလို ရောဂါပိုးမတွေ့လို့ ပြန်ပို့တယ်ဆိုပေမယ့် အလုပ်ဆက်လုပ်ဖို့ ဆိုရင် ပိုးကင်းရှင်းကြောင်း လက်မှတ်ပြရမယ်လို့ သတ်မှတ်ထားလို့ အလုပ်သမားတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ရောဂါကင်းကြောင်း လက်မှတ်လိုချင်ရင် ပုဂ္ဂလိကဆေးခန်းတွေမှာ စစ်မှ ရနေပါတယ်။ အဲဒီလိုစစ်တဲ့အတွက် စစ်ဆေးခ၊ ပိုးတွေ့တယ်ဆိုရင် သူတို့ရဲ့ပုဂ္ဂလိကဆေးရုံက သီးခြားခွဲထားတဲ့ နေရာတွေမှာ ၁၄ ရက်နေထိုင်ခတွေ အတွက် စုစုပေါင်း ဘတ်ငွေ တစ်သောင်းကျော်မှာ ဖြစ်လို့ အလုပ်သမားတွေမှာ မတတ်နိုင်ဘူးလို့ ဦးခိုင်ကြီးက ပြောပြပါတယ်။

အဲဒီအပြင် အလုပ်သမားတွေမှာ အချင်းချင်းကြား သံသယနဲ့ ဆက်ဆံခံရတာ၊ အလုပ်နားထားလို့ ဝင်ငွေ မရှိတာတွေလည်း ကြုံနေရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိဆီ ဒီနေ့ထပ်ပြီး တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဒီနေ့ဆိုရင် အဲဒီစမွတ်ဆာခွန်ပုဇွန်ဈေးမှာ ကလေးတွေကို ပျော်ပွဲရွှင်ပွဲ လုပ်ပေးနေတာ တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း များနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာထားသလို၊ တဖက်မှာတော့ ရောဂါဖြစ်ပြီး အသည်းအသန်ဖြစ်နေတဲ့သူတွေ များများစားစား မတွေ့ရသလို၊ ကလေးတွေကို စုပြီး အခုလိုပျော်ပွဲရွှင်ပွဲ လုပ်နေတာကိုလည်း နားမလည်နိုင်ဘူးလို့ ကိုမြင့်ဝေက ပြောပါတယ်။

ဒီကြားထဲမှာပဲ ထိုင်းအစိုးရက လူထောင်နဲ့ချီ သီးခြားခွဲကုသပေးနိုင်မယ့် ယာယီဆေးရုံတွေလဲ ကြိုတင်ပြင်ဆင်နေတယ်လို့ AAC ဦးခိုင်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ တသောင်းငါးရာကျော် ရှိပြီး ဒီနေ့တရက်ထဲမှာ ကူးစက်သူ ၂၄၉ ယောက် ရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ရောဂါပျောက်ကင်းသူက ခြောက်ထောင့်ငါးရာကျော်၊ ကုသနေဆဲက လေးထောင်နီးပါးဖြစ်ပြီး သေဆုံးသူက ၆၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org