မြန်မာဒုက္ခသည်တွေကိုကူညီဖို့ ထိုင်းနဲ့ စစ်ကောင်စီပူးပေါင်းလုပ်ဆောင်မည်
နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကိုကူညီဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံအထူးအဖွဲ့ (Aid Task Force) ဖွဲ့စည်းပြီး လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-12-08 -
-
-
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံအထူးအဖွဲ့ (Aid Task Force) ဖွဲ့စည်းပြီး လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ဒေသတွင်းအာဆီယံအဖွဲ့ဝင်တွေအပြင် နိုင်ငံတကာအသိုက်အဝန်းနဲ့ စစ်ကောင်စီတို့အကြား အပြုသဘောဆောင်တဲ့ သုံးပွင့်ဆိုင် ထိတွေ့ဆက်ဆံမှုကို အထောက်အကူဖြစ်စေမယ်လို့ ထိုင်းနိုင်ငံဘက်က မျှော်လင့်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးသွားဖို့အတွက် ထိုင်းနဲ့ မြန်မာ(စစ်ကောင်စီ)ရဲ့ အထူးအဖွဲ့မှာ တခြားအကူအညီပေးတဲ့ အေဂျင်စီတွေ ပါဝင်လာအောင်လည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်လာစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာတို့ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံပြီးနောက် ထိုင်းဘက်က အခုလို ထုတ်ပြန်လာတာပါ။
စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အမှန်တကယ်လိုအပ်နေသူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ မရောက်မှာကို စိုးရိမ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေးရှင်း (TACDB) ရဲ့ ဒါရိုက်တာ ဦးညွန့်ဝေကတော့ ဒီလုပ်ဆောင်မှုဟာ ထိုင်းဘက်က အပြုသဘောဆောင်တဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။
"ထိုင်းနိုင်ငံအနေနဲ့က အာဆီယံ ဆယ်နိုင်ငံရဲ့ သဘောတူမှုတွေပေါ် အခြေခံပြီး အပြုသဘောဆောင်တာဖြစ်နိုင်တယ်။ ပြီးတော့ အိမ်နီးချင်းနိုင်ငံက စစ်ရေးအခြေအနေမကောင်းတဲ့အခါ သူတို့ရဲ့ အမျိုးသားလုံခြုံရေးကို စိုးရိမ်ပြီး မြန်မာစစ်တပ်ကိုထည့်သွင်းစဥ်းစားပြီး ဒီအစီအစဥ်ကို အပြုသဘောဆောင်တာဖြစ်နိုင်တယ်"
မြန်မာနိုင်ငံမှာ အောက်တိုဘာလကုန်ပိုင်းကတည်းက ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်ငါးသိန်းကျော် ထွက်ပြေးခဲ့ရပြီး နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။