တီးတိန်မြို့ ဟိန်ဇိန်ရွာသားတစ်ဦး ပစ်သတ်ခံရ

ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိန်ဇိန်ရွာက အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့မှာ ကလေး မြို့ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၃၀ အရွယ် ဦးမန်ဒို့ခုပ် ဖြစ်ပြီး နေအိမ်မှာပုန်းနေချိန်မှာပဲ စစ်ကောင်စီတပ်သား တွေက ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ ၁ နာရီနဲ့ ၂ နာရီအကြားမှာ စစ်တပ်တွေက ဟိန်ဇိန်ရွာရောက်တယ်၊ အခု ပစ်သတ်ခံရတဲ့သူကတော့ သူအိမ်ထဲမှာ ပုန်းနေတာကို စစ်သားတွေက လမ်းပေါ်ကနေ ပစ်သတ်တာ၊ ခေါင်းတစ်ခြမ်း ပွင့်ထွက်သွား တယ်” လို့ ဆိုပါတယ်။
ဦးမန်ဒို့ခုပ်မှာ နှစ်လအရွယ်သားနဲ့ ဇနီးဖြစ်သူ ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇန်ဝါနဝါရီလ ၁၂ ရက်နေ့က ထေးဇန်ရွာမှာ နှစ်ညအိပ်ပြီး ဒီနေ့ ထေးဇန်ကနေ ဟိန်ဇိန်ရွာဘက်ကို ဆက်လက်ထွက်ခွာတာဖြစ်ပါတယ်။
မနေ့ကလည်း ထေးဇန်ရွာအထက်ပိုင်း နာတန့်ရွာက ကော်ဖီခြံမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားတွေက အိမ် ငါးလုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒေသခံတစ်ဦး ပစ်သတ်ခံရတဲ့ကိစ္စအပေါ် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့မရပါဘူး။
ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ CDM Siyin နဲ့ PDF zoland အဖွဲ့တွေကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး ကလေးမြို့ကနေ ချင်းတောင်ဘက်ကို ခရီးမသွားဖို့ ထုတ်ပြန်ချက်ထုတ်ထားပါတယ်။