ဖလမ်းမြို့ ခလရ ၂၆၈ မှ တပ်သားတစ်ဦး CNDF ထံ ပူးပေါင်း
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တာ၀န်ကျနေတဲ့ စစ်ကောင်စီတပ်သား ဇင်လင်းအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပူးပေါင်းအဖွဲ့ထံ လက်နက် အပြည့်အစုံနဲ့ လာရောက်ပူပေါင်းခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။
ဖလမ်းမြို့အခြေစိုက် ခလရ -၂၆၈ တပ်က ကိုယ်ပိုင်အမှတ် တ - ၅၄၂၁၂၁ တပ်သား ဇင်လင်းအောင်ဖြစ်ပြီး အမ်အေအမျိုးစား သေနတ်တစ်လက်အပြင် ဆက်စပ်ခဲယမ်းတွေနဲ့ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
“သူက ဒီရက်ပိုင်းမှာ လာပူးပေါင်းတယ်၊ လက်နက်အပြည့်အစုံနဲ့ လာပူးပေါင်းတာကြောင့် သူ့ကို ကျနော်တို့က ဆုကြေး သိန်း ၅၀ ပေးတယ်၊ လွတ်မြောက်နယ်မြေကိုလည်း လိုက်ပို့ပေးခဲ့တယ်” လို့ CNO ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ချင်းကာကွယ်ရေးအဖွဲ့တွေထံ စစ်ကောင်စီရဲ့ ရဲတပ်သား လေးဦးနဲ့ စစ်သားတစ်ဦး လာရောက်ပူးပေါင်းခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။