ခင်ဦး ငါးတင်းကြီးရွာက အိမ် ၂၀၀ ကျော် မီးရှို့ခံရကြောင်း ဒေသခံတွေ ပြော

2022.04.04
ခင်ဦး ငါးတင်းကြီးရွာက အိမ် ၂၀၀ ကျော် မီးရှို့ခံရကြောင်း ဒေသခံတွေ ပြော ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် စစ်တပ် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာရှိ နေအိမ်များကို တွေ့ရစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်ကောင်စီက တစ်ရက်အတွင်း နှစ်ကြိမ်ဝင်ရောက်ပြီးနောက် အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
 
ဧပြီလ ၃ ရက် မနေ့ မနက် ၈ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်ဝင်ရောက်လာပြီးနောက် မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်တော့ အကုန်လုံး တစ်ရွာလုံး ထွက်ပြေးကြတာပေါ့။ တစ်ရွာလုံးထွက်ပြေးတဲ့အခါ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကျန်တာပေါ့။ သူက အိမ်မီးရှို့ချင်တော့ အဲဒီသူတွေကို အိမ်အပြင်ထုတ်ပြီး အိမ်ကို မီးရှို့တာ။ တစ်ညလုံးလည်း လောင်နေတုန်းပဲ။ အားလုံးပေါင်း အိမ်ခြေနှစ်ရာကျော်တယ်"
 
ငါးတင်းကြီးကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး အဲဒီအထဲက အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံ ခဲ့ရတာလို့ ပြောပါတယ်။ ဒါပေမဲ့ ကျေးရွာသားတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရ တာကြောင့် ဆုံးရှုံးသွားတဲ့နေအိမ် အသေးစိတ်ကို စာရင်းကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။
 
ငါးတင်းကြီးကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရေဦးမြို့ကို ရောက်လာခဲ့တဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ဖြစ်ပြီး အင်အား ၈၆ ယောက်နဲ့ ပျူစောထီးတချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
 
ဒါနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒီမတိုင်ခင်က ငါးတင်းကြီးကျေးရွာအနီးမှာ တိုက်ပွဲမရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ မိုင်းဆွဲတိုက်ခိုက်မှု တစ်ခုရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
 
"ကျွန်တော်တို့က ပြောက်ကျားနည်းနဲ့ မိုင်းဆွဲတိုက်ခိုက်တာပဲ ရှိသေးတယ်။ ထိပ်တိုက်ထိတွေ့ တာတော့ မရှိသေးဘူးရယ်"
 
ခင်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း နေအိမ်ပေါင်း ၄၅၀ ဝန်းကျင် မီးလောင် ဆုံးရှုံးခဲ့ရပြီး အခု ငါးတင်းကြီးကျေးရွာ ဖြစ်စဉ်နဲ့ဆို နေအိမ် ၆၀၀ ကျော် ပျက်စီးခဲ့ရပြီလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
ဒီလို ခင်ဦးမြို့နယ်အတွင်းက ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တာကြောင့် လူဦးရေ သုံးသောင်းခွဲကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ငါးတင်းကြီးရွာ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ တာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ် လို့ ယခင်က တုံ့ပြန် ပြောဆိုထားပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် မီးလောင်ကျွမ်း ခဲ့တဲ့ နေအိမ်ပေါင်း ခုနစ်ထောင်ကျော်ရှိနေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းထဲက အများဆုံးဖြစ်တယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။