ပုတီးရွာမှာ စစ်တပ်က တပ်စွဲထားကြောင်း ရွာသားတွေပြော

2022.01.19
ပုတီးရွာမှာ စစ်တပ်က တပ်စွဲထားကြောင်း ရွာသားတွေပြော စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ တန့်ဆည်မြို့နယ် ပုတီးကျေးရွာက နေအိမ်တွေကို တွေ့ရစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပုတီးကျေးရွာမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကစလို့ စစ်တပ် က တပ်စွဲထားပြီးနောက် နေအိမ်တွေ ဖျက်ဆီးခံရတာတွေ ရှိနေတယ်လို့ ဒေသခံရွာသား တွေက ပြောပါတယ်။
 
ခလရ ၁၂၂ နဲ့ ၂၂၉ တပ်တွေက တပ်စွဲထားတာဖြစ်ပြီး ရွာသားတွေကိုလည်း ညနေ ၄ နာရီနောက်ပိုင်း သွားလာခွင့် ကန့်သတ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"NLD အမာခံအိမ်တွေ၊ ညသပိတ်လုပ်တဲ့အိမ်တွေ၊ NLD မဲနိုင်လို့ အောင်ပွဲခံတဲ့အိမ်တွေ၊ မဲကော်မရှင်အိမ်တွေ ပါတယ်ဗျ။ မနေ့က ဇန်နဝါရီ ၁၈ ရက်က ရွာဦးဘုန်းကြီးကျောင်းမှာ ရွာသားတွေကို ခေါ်ပြောတယ်။ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိပဲ ရွာထဲသွားလာ ခွင့်ပေးပြီး ညမှောင်ရင် မှားပစ်မိမယ်ပြောတယ်။ အခုဆို ရွာထဲမှာ အရပ်ဝတ်တွေနဲ့ သေနတ်တွေထမ်းပြီး သွားနေကြတယ်"
 
မနေ့ ရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ရွာသားတွေ ကိုယ့်အိမ် ပြန်လာမနေရင် နောက်ထပ်သုံးရက်လောက် ရွာမှာတပ်စွဲထားမှာဖြစ်တဲ့အကြောင်း ပြောဆိုသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
စစ်တပ်က တပ်စွဲပြီးနောက် နေအိမ် ၆၀ ခန့်ကို ရှာဖွေမွှေနှောက်ခံထားရသလို နေအိမ်ခြောက်လုံးလည်း မီးရှို့ခံထားရတယ်လို့ ဆိုပါတယ်။
 
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
 
ပုတီးကြီးရွာဟာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ရွာဖြစ်ပြီး ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေဟာ တောတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။