မင်းကင်းမြို့ ဇနဗျင်းရွာက ၈ နှစ်အရွယ် ကလေးတစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းရွာကို ဇန်နဝါရီလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာသားအချို့ကို ခဏခေါ်ယူ ဖမ်းဆီးကာ အသက် ၈ နှစ်အရွယ် မောင်အောင်ကျော်ဟိန်းကို ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-13
-
-
-
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းရွာကို ဇန်နဝါရီလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာသားအချို့ကို ခဏခေါ်ယူဖမ်းဆီးကာ အသက် ၈ နှစ်အရွယ် မောင်အောင်ကျော်ဟိန်းကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်သားတွေ သိမ်းယူချိန် မောင်အောင်ကျော်ဟိန်းက ပြန်တောင်းတာကြောင့် ပစ်သတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြော ပါတယ်။
“စစ်သားတွေက ရွာမှာ သူတို့လိုချင်တဲ့ခေါင်းဆောင်တွေ ရှိမလားဆိုပြီး အလစ်ငိုက်ဝင်လာတာ၊ ဒေသခံ တချို့ တိမ်းရှောင်လိုက်နိုင်ပေမယ့် တချို့ကတော့ ရွာမှာကျန်နေခဲ့တယ်၊ အဲဒီမှာ စစ်သားတွေက အကုန် လုံးကို ရွာဘောလုံးကွင်းထဲ စုခိုင်းပြီး ဖုန်းတွေသိမ်းလိုက်တယ်၊ သူတို့လိုချင်တဲ့သူရှာမရတော့မှ အကုန် လုံးကို ပြန်လွှတ်ပေးပြီး ပြန်သွားတာ၊ လက်နက်ကိုင်အချင်းချင်းဖြစ်ကြရင်တောင် ဒီလောက်မခံစားရ ပါဘူး အပြစ်မဲ့တဲ့ကလေးကို လုပ်သွားတာဆိုတော့ ပြောစရာစကားမဲ့ပါတယ်”
လက်ရှိ စစ်ကောင်စီတပ်သားတွေ ရွာကနေ ပြန်လည်ထွက်ခွာသွားကြပေမယ့် ရွာသားတွေရဲ့ လက်ကိုင်ဖုန်း အားလုံးကိုတော့ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဇနဗျင်းရွာက မောင်အောင်ကျော်ဟိန်းဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် ခဲ့တာကြောင့် သေဆုံးရတာလို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူလူထု သက်သေရှိတယ်လို့ တုံ့ပြန်ထားပါတယ်။
လတ်တလော မင်းကင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေ တည်ငြိမ်နေပေမယ့် စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့ရင်တော့ ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကလေး ၈၈ ယောက်ဟာ အိမ်မှာနေချိန်၊ ဆေးခန်းသွားချိန်၊ လမ်းမှာသွားလာနေရင်း၊ ကစားနေရင်း၊ ထွက် ပြေးနေရင်းနဲ့ပဲ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။