နှစ်ပတ်ကြာတိုက်ပွဲ စစ်တပ်က ၁၆၀ နီးပါး သေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၅၉ ဦး သေဆုံးပြီး ၁၀၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့နဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁၈၁ ကြိမ်ဖြစ်ပွား ခဲ့ပြီး KNU လက်အောက်ခံ တပ်ဘက်ကလည်း ၁၃ ဦး သေဆုံးခဲ့သလို ၁၈ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က ဒေသခံတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင် တွေထဲကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခု ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မေးမြန်းရာမှာတော့ သီးခြားမှတ်ချက်ပြုစရာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။
“ကျနော်တို့အနေနဲ့ EAO တွေနဲ့ ပတ်သက်လာရင် EAO တွေရဲ့ လက်ရှိတည်ရှိနေမှုနေရာ တွေကို သွားတိုက်ခိုက်ခဲ့တာမရှိဘူး။ ဒါပေမဲ့ PDF လို အကြမ်းဖက်အဖွဲ့တွေနဲ့ပေါင်းပြီး နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီးလုပ်နေတာတွေကိုတော့ ကျနော်တို့ လုံခြုံရေးအရ ဆောင် ရွက်ရမှာဖြစ်တယ်။ သီးခြားမှတ်ချက်ပြုစရာမရှိပါဘူး”
တိုက်ပွဲတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာလည်း စစ်ဘေးရှောင်ပြည်သူ ငါးသောင်း ကျော်ထိရှိလာပြီး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို ကူညီထောက်ပံ့မှုတွေ လည်းရရှိဖို့ လိုအပ်နေတယ်လို့ KNU က ပြောပါတယ်။