မောင်တောကို အတင်းအကြပ် ပြန်မလွှတ်ဖို့ ဆရာ ဆရာမတွေ တောင်းဆို

ဆရာ၊ ဆရာမတွေကို အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို အတင်းအကြပ်ပြန်လည်စေလွှတ်တာမပြုဖို့နဲ့ အခြေအနေတည်ငြိမ်ကြောင်း အာမခံနိုင်မှသာ စေလွှတ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

မောင်တောမြို့က ဒေသခံတွေနဲ့ ဝန်ထမ်းတွေ ဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ပြောင်းနေတာကို သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: State Counsellor Office Information Committee

ဆရာ၊ ဆရာမတွေကို အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို အတင်း အကြပ်ပြန်လည်စေလွှတ်တာမပြုဖို့နဲ့ အခြေအနေတည်ငြိမ်ကြောင်း အာမခံနိုင်မှသာ စေလွှတ်ဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အခြေအနေတည်ငြိမ်လို့ စေလွှတ်မယ်ဆိုရင်တောင် နိုင်ငံတော် အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာ၊ ဆရာမတွေကို လုံခြုံရေး အပြည့်အဝ ပေးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင့်ဇော် က ပြောပါတယ်။

"ကျနော်တို့ ပညာရေးဝန်ထမ်းတွေ တကယ်လွှတ်တော့မယ်ဆိုရင် သူတို့အာမခံချက် ကောင်းကောင်းပေးရမယ်၊ လုံခြုံရေးဘယ်လောက်ပေးပါတယ်ပြောပြော ဆရာဆရာမတွေကို သူတို့ကာကွယ်နိုင်စွမ်းရှိအောင် လုပ်ပေးရမယ်"

တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေ တာဝန်ဆက်လက် ထမ်းဆောင်နိုင်ဖို့အတွက် အစိုးရအနေနဲ့ အထူးလုံခြုံရေး ဆောင်ရွက်ပေးနိုင်မှသာ တာဝန်ဆက်လက်ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း သဘောထားကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက မနေ့က ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်မှာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ဆရာ၊ ဆရာမတွေအနေနဲ့ တာဝန်ကျရာနယ်မြေတွေကို လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြန်ပြီး တာဝန်ထမ်းဆောင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက် မယ်လို့ ပါရှိပါတယ်။

အကြမ်းဖက်ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ၊ ဆရာမတွေဟာ အသက်အာမခံချက် မရှိတဲ့အပြင် ကိုယ်ထိလက်ရောက် စော်ကားခံရတာတွေ ကြုံတွေ့ရကြောင်းလည်း ဦးတင်ဇော်က ပြောပါတယ်။

အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေအပေါ် ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာရင် တာဝန်ရှိသူအနေနဲ့ အပြည့်အဝ တာဝန်ယူပေးဖို့၊ နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြန်လည် စိစစ်ဆောင်ရွက်ပေးဖို့နဲ့ အကြမ်းဖက်မှုမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဆရာ၊ ဆရာမတွေရဲ့ သဘောထား ကို တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေလည်း ကြေညာချက်မှာ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org