ဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်းကျော် CDM လှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေ

အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်းကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဆက်လက်ပါဝင်နေကြဆဲပဲလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အောက်တိုဘာလ ၅ ရက် ဒီနေ့မှာ ပြောပါတယ်။
အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ ဆရာ၊ ဆရာမ နှစ်သိန်းကျော် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တစ်သိန်းသုံးသောင်းကျော်ဟာ အခက်အခဲ တွေကြားက ဒီလှုပ်ရှားမှုမှာ ဆက်လက်ပါဝင် နေကြကြောင်း ဒီနေ့ပြုလုပ်တဲ့ ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာပါ။
“နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါးရှိတဲ့အထိ လစာတစ်ပြားတစ်ချပ်မှမယူဘဲ နွေဦး တော်လှန်ရေးကို CDM လုပ်ပြီး ပါဝင်ပေးနေတဲ့ ဆရာ၊ ဆရာမအပေါင်းကို ကျွန်တော် ဒီနေရာကနေပြီးတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုရင်း အလေးပြုအပ်ပါတယ်။ အခုဆိုရင် CDM အင်အား ဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်း ကျော် ရှိနေသေးတယ်။ ဒီလိုမျိုး CDM တွေရဲ့အားကြောင့် အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်ကို စီမံခန့်ခွဲ့အုပ်ချုပ်နိုင် ခြင်း မရှိသေးတာ ဖြစ်ပါတယ်”
ဒီကာလအတွင်းမှာ NUG အနေနဲ့ အခြေခံပညာကဏ္ဍမှာ အွန်လိုင်းကျောင်း ၇၀ ကျော်နဲ့ မြေပြင်သင်ကြားရေး ကျောင်း ငါးထောင်ကျော် ဖွင့်လှစ်သင်ကြားနေပြီး စစ်ကောင်စီတပ် ကတော့ ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“စစ်ဘက်၊ အရပ်ဘက် ခွဲခြားမှုမရှိဘဲ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးအရေးယူတာ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပါတယ်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းတဲ့ အနာဂတ် လူ့ဘောင်ကို တည်ထောင်ဖို့အတွက် ပညာတတ် မျိုးဆက်သစ်လူငယ်တွေ လိုအပ်နေပြီး ဒီလိုလူငယ်တွေ ဖြစ်ထွန်းလာစေဖို့အတွက် ဆရာကောင်း ဆရာမြတ်တွေလည်း လိုအပ်နေတယ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။
ဒါကြောင့် ၂၀၂၃ ခုနှစ်ရဲ့ ကမ္ကာ့ဆရာများနေ့ ဦးတည်ချက်နဲ့အညီ ပညာရေးအတွက် လိုအပ်တဲ့ ဆရာဆရာမတွေ ဖြည့်ဆည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဖို့ တိုက်တွန်းတယ် လို့လည်း သူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေက ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ နည်းတူ ၂ဝ၂၁ အာဏာသိမ်း အပြီးမှာလည်း ဆရာ၊ ဆရာမ အများအပြားက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတာကြောင့် စစ်ကောင်စီရဲ့ ပညာရေးစနစ်ဟာ ရပ်တန့်လုနီးပါး ထိခိုက်ခဲ့တယ်လို့ လက်ရှိ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြဆဲ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။