မြန်မာ့အရေးအမြန်ဖြေရှင်းဖို့ အာဆီယံကို ထိုင်းဝန်ကြီးချုပ်သစ်တောင်းဆို
ပေထုန်တန် ရှင်နာဝပ်ထရာ အစိုးရအသစ်တက်လာပြီးနောက် မြန်မာ့အရေးပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုတာလည်းဖြစ်ပါတယ်။
-
RFA Burmese
2024-10-07 -
-
-
မြန်မာအရေးမှာ အာဆီယံ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုပြီး အမြန်ဆုံးဖြေရှင်းဖို့လိုတယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန် ရှင်နာဝပ်ထရာက ပြောဆိုလိုက်ပါတယ်။
မကြာခင်ရက်ပိုင်းအတွင်း လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမတိုင်ခင် အောက်တိုဘာလ ၇ ရက် ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အခမ်းအနားတစ်ခုမှာ အခုလိုပြောဆိုတာလို့ ရိုက်တာသတင်းကဖော်ပြပါတယ်။
အဲဒီညီလာခံကနေ မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုထွက်လာဖို့ တွန်းအားပေးသွားဖို့ရှိနေပြီး၊ နောက်နှစ်အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမဲ့ မလေးရှားနိုင်ငံနဲ့ လက်တွဲပြီး ထိုင်းနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
ပေထုန်တန် ရှင်နာဝပ်ထရာ အစိုးရအသစ်တက်လာပြီးနောက် မြန်မာ့အရေးပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုတာလည်းဖြစ်ပါတယ်။
အာဆီယံဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အိမ်ရှင်လာအိုနိုင်ငံက လက်ခံကျင်းပနေပြီး၊ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ နိုင်ငံ့ခေါင်းဆောင်တွေတက်မဲ့ ထိပ်သီးညီလာခံကို ကျင်းပမှာပါ။
ဒီညီလာခံကို မြန်မာစစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပြီး၊ မြန်မာပြည်ကိုယ်စားပြုအတွက် ခုံနေရာကို ချန်လှပ်ထားတာဖြစ်ပါတယ်။
လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက လွှဲပြောင်းယူမှာဖြစ်ပြီး မလေးရှားတာဝန်ယူချိန်မှာ မြန်မာ့အရေး အာဆီယံက ပိုထိထိရောက်ရောက်လုပ်လာနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက မျှော်လင့်နေကြပါတယ်။