မြင်းခြံမြို့နယ် ရွာနှစ်ရွာက နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ
မြင်းခြံမြို့နယ် ရသာနဲ့ တောပုရွာကို ဧပြီ ၈ ရက်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-08 -
-
-
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရသာနဲ့ တောပုရွာကို ဧပြီလ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့ မနက်စောပိုင်းမှာ ရသာရွာကို အင်အား နှစ်ဆယ်လောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်စီးနင်းခဲ့ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေ ခြောက်ရာနီးပါးလောက်ရှိတဲ့ ရသာရွာမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲဝင်ပြီး စီးနင်းချိန် အသက် ၆၀ ဝန်းကျင် ဦးဉာဏ်ဖေဆိုသူလည်း ပစ်သတ်ခံလိုက်ရတယ်လို့ ရသာဒေသခံတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ရသာရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ တောပုရွာကိုလည်း အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံးရှစ်ရာခန့် မီးလောင်ပျက်စီးသွား တယ်လို့ တောပု ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောပုရွာဒေသခံတစ်ဦးကတော့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အရပ်သားငါးဦးကို ဖမ်းဆီးပြီး ရွာထဲကိုလမ်းပြအဖြစ် ခေါ်သွားပြီးနောက် နေအိမ်တွေမီးရှို့ခဲ့တာလို့ RFA ကို ပြောပါတယ်။
“စစ်ကြောင်းဝင်လာတော့ ရွာမှာ ဘယ်သူမှ မရှိတော့ဘူး။ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ လူငါးဦးကို ဖမ်းခေါ်ပြီး ရွာထဲဝင် မီးရှို့သွားတာ။ တစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရတာပဲ။ အခုထိ ရှင်းလင်းရေးတွေ လုပ်နေတုန်း။ အဖမ်းခံရသူတွေကတော့ ပြန်လွတ်လာတယ်”
တောပုရွာမှာ အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး ဒေသခံ ငါးထောင်ဝန်းကျင် နေထိုင်ကြပါတယ်။ အခုတော့ အဲဒီဒေသခံတွေလည်း ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ၇၈,၇၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။